ချဲလ်ဆီးပရိသတ်တွေကတော့ မနေ့ညက မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ တိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်ကို ရောင်းထုတ်ပစ်ဖို့ တောင်းဆိုနေကြပါတယ်။ ဒီပွဲမှာ မန်စီးတီးက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာ ဂျက်ဆင်က ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် ဂိုးသမားကို လိမ်ခေါက်ခဲ့ပြီးမှ ဂိုးပေါက်ကို ကန်သွင်းဖို့ အခွင့်မသာခဲ့ပါဘူး။ ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကလည်း အကီရဲ့ ဖျက်ထုတ်ခြင်းကို ခံခဲ့ရပြီး ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေး လွဲချော်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့ အနေအထားကနေ ပိုင်ပိုင်နိုင်နိုင် ကန်သွင်းနိုင်ခဲ့ပေမယ့် မန်စီးတီးဂိုးသမား အော်တီဂါက ကာကွယ်သွားခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဂိုးပေါက်နဲ့ အနီးကပ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း ဂျက်ဆင်ရဲ့ ခေါင်းတိုက်ချက်က အော်တီဂါရဲ့ ကာကွယ်မှုနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။
ဂျက်ဆင်ရဲ့ အဆုံးသတ်စွမ်းရည်က ချဲလ်ဆီးပရိသတ်တွေအတွက် တော်တော် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဒီကစားသမားကို ရောင်းထုတ်ဖို့ တောင်းဆိုနေကြတာပါ။ ဂျက်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒရော့ဘာလက်သစ်အဖြစ်တောင် တင်စားခြင်းခံခဲ့ရတာပါ။
ချဲလ်ဆီးပရိသတ်တွေက “နီကိုးလပ်စ်ဂျက်ဆင်ကို အသင်းကနေ ကန်ထုတ်လိုက်ပါတော့ကွာ” “ဂျက်ဆင်ကို ရပ်တန့်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူလုပ်ချင်တာလုပ်နေတာကို ရပ်တန့်ဖို့ပါပဲ။ ဒီပုံစံအတိုင်းဆိုရင် သူတစ်ဂိုးမှ ရတော့မှာ မဟုတ်ပါဘူး” လို့ အမျိုးမျိုးဝေဖန်ပြောကြားခဲ့ပါတယ်။