ကော်နီက ‘’ဆေး’’ သီချင်းကို အပြောင်အပျက်သဘောမျိုးနဲ့ သီဆိုနေမှုတွေအပေါ် အခုလို တုံ့ပြန်စကားပြောလာပါတယ်။ ဒီသီချင်းကိုတော့ တေးရေး၊ တေးဆို၊ ဒါရိုက်တာကအစ ခံစားချက်အပြည့်နဲ့ ဖန်တီးခဲ့တာကြောင့် တန်ဖိုးထားတယ်လို့ဆိုပါတယ်။
Photo: ကော်နီ
အဆိုတော်ကော်နီရဲ့ ‘’ဆေး’’ သီချင်းက လက်ရှိ ဂီတလောကမှာအောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို ပရိသတ်တချို့က ပုံစံအမျိုးမျိုးနဲ့ နောက်ပြောင်သီဆိုလာကြတဲ့အပေါ် ကော်နီက မီဒီယာတွေကနေတဆင့် အခုလို တုံ့ပြန်စကားပြောပြလာပါတယ်။
‘’ လက်မခံဘူးလို့တော့ မဟုတ်ပါဘူး။ ချစ်လို့ဆိုတာကို မကော်က လက်ခံတယ်။ ဒါပေမယ့် တေးရေးသမားတစ်ယောက်၊ လူတွေက ဒါကြီးကို ခံစားချက်တွေနဲ့ ရေးထားရတာဆိုတော့ ဒီသီချင်းကို ဖျက်တာမျိုး အစ်မ မကြိုက်ဘူး၊ ဒါပေမယ့် သူတို့ချစ်လို့ Cover ပြန်လုပ်တာ၊ Troll တာဖြစ်တဲ့အတွက် မကော်က ကျေနပ်ရမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: ကော်နီ
‘’ဆေး’’ သီချင်းကို တေးရေးဆရာကအစ အဆိုတော်၊ ဒါရိုက်တာကအဆုံး ခံစားချက်အပြည့်နဲ့ ဖန်တီးထားတာ ဖြစ်တဲ့အတွက် နောက်ပြောင်သီဆိုမှုတွေအပေါ် သဘောမကျဘူးလို့ ကော်နီက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
‘’ဒီသီချင်းကို ဝေကြီးကလည်း သူကိုယ်တိုင် ခံစားပြီးတော့ သီဆိုထားသလို၊ မေဘရဏီကလည်း သူကိုယ်တိုင် ခံစားပြီးတော့ ရိုက်ထားရတာလေ။ အဲ့ဒီအပေါ်မှာ အပြောင်အပျက်တွေ လုပ်တာမျိုးကျတော့ သီချင်းကို ပေါ့စေသွားတာမျိုးကျတော့ တေးရေးဆရာအတွက်ရော၊ ကိုယ်တွေဖန်တီးထားရတဲ့အတွက်ရော သိပ်တော့မကြိုက်ချင်ဘူး’’ လို့ ဆိုပါတယ်။
Photo: ကော်နီ
ကော်နီဟာ ဂီတသက်တမ်း တော်တော်ကြာပြီဖြစ်တဲ့ အဆိုတော်တစ်ဦးပါ။ ဂီတကို ချစ်မြတ်နိုးတဲ့အပြင် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေအပေါ်မှာလည်း သစ္စာရှိခဲ့တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့က Joox Music Final ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
‘’ ကိုကိုချစ် အရမ်းအောင်မြင်ခဲ့တဲ့အချိန်က ကြော်ငြာတွေလည်း ခေတ်စားနေတော့ မကော်ရဲ့ ကိုကိုချစ် သီချင်းကို ဇီးထုတ်ကြော်ငြာမှာလည်းဆိုခိုင်းတယ်။ မကော်ကိုလည်း ရိုက်မယ်ပြောတယ်။ ကိုကိုချစ်သီချင်းက စင်ပေါ်မှာ အောင်မြင်နေတာဖြစ်တဲ့အတွက် မကော် ဇီးထုတ်သီချင်းမဆိုနိုင်ဘူး။ အနုပညာကြေး ဘယ်လောက်ပေးပါမယ် ဆိုလည်း မကော်မဆိုဘူး ဒါက ကိုယ်ထားခဲ့တဲ့စည်း၊ ကိုယ့်သီချင်းအပေါ်မှာ သစ္စာရှိတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ကော်နီ
ကော်နီဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်မိတ်ဆက်လိုက်တဲ့ ‘’ဆေး’’ ဆိုတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်ရင်ထဲကို ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ ဒီသီချင်းကို ဝေကြီးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။
Share