၂၀၂၀ နှစ်သစ်ရဲ့ ပထမဆုံးရက်မှာ ကမ္ဘာတစ်ဝှမ်း ကလေး ၃၉၂,၀၀၀ မွေးဖွားခဲ့လိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပြောကြားခဲ့ပြီး မိခင်နဲ့မွေးကင်းစကလေးငယ်တွေကို ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တိုက်တွန်းထားပါတယ်။
(Photo: UNICEF)
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children's Fund - UNICEF) ရဲ့ ခန့်မှန်းမှုအရ ဇန်နဝါရီ ၁ ရက်နေ့က အိန္ဒိယမှာ ကလေး ၆၇,၃၈၅ ဦး မွေးဖွားခဲ့ဖွယ်ရှိပြီး ထိုရက်မှာ ကလေးအများဆုံး မွေးဖွားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယပြီးပါက ဒုတိယနဲ့ တတိယ အများဆုံးအဖြစ် တရုတ်မှာ ကလေး ၄၆,၂၉၉ ဦးနဲ့ နိုင်ဂျီးရီးယားမှာ ကလေး ၂၆,၀၃၉ ဦး မွေးဖွားခဲ့ဖွယ်ရှိတယ်လို့ UNICEF က ဆိုပါတယ်။
၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး ကလေးမွေးဖွားမှုကတော့ ကျွန်းငယ်နိုင်ငံဖြစ်တဲ့ ဖီဂျီမှာ မွေးဖွားခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။ "နှစ်သစ်တစ်ခုနဲ့ ဆယ်စုနှစ်တစ်ခုရဲ့အစက ကျွန်မတို့ရဲ့ အနာဂတ်အတွက်သာမက ကျွန်မတို့ရဲ့နောက်မှာ ရောက်လာမယ့်သူတွေရဲ့ အနာဂတ်အတွက်လည်း မျှော်လင့်ချက်နဲ့ ရည်မှန်းချက်တွေကို အလေးအနက် စဥ်းစားဖို့ဖြစ်ပါတယ်" လို့ UNICEF ရဲ့ ညွှန်ကြားရေးမှူး Henrietta Fore က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။
(Photo: Athit Perawongmetha/Reuters)
ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း ကလေးငယ်များ အသက်ငါးနှစ်မတိုင်မီ သေဆုံးမှုကို ထက်ဝက်ကျော် လျှော့ချနိုင်ခဲ့တယ်လို့လည်း UNICEF က ဆိုပါတယ်။ သို့သော် မွေးကင်းစကလေး သေဆုံးမှုနှုန်းကို လျှော့ချနိုင်ရေးမှာတော့ တိုးတက်မှုနှေးကွေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့တစ်ဝှမ်း အသက်တစ်လမပြည့်မီ မွေးကင်းစကလေးငယ် သေဆုံးမှုအရေအတွက်ဟာ ၂.၅ သန်းရှိခဲ့ပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံဟာ မွေးဖွားတဲ့နေ့မှာပင် သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုမွေးကင်းစကလေးငယ်တွေဟာ ကာကွယ်တားဆီးနိုင်တဲ့ အကြောင်းရင်းတွေကြောင့် သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုများအနက် အသက်တစ်လမပြည့်မီ မွေးကင်းစကလေးငယ် ၄၇ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါတယ်။ ထိုပမာဏဟာ ၁၉၉၀ ခုနှစ်က ၄၀ ရာခိုင်နှုန်းရှိခဲ့ရာမှာ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
(Graph: Aljazeera)
ကိုယ်ဝန်ဆောင်စဥ်၊ ကလေးမွေးဖွားစဥ်နဲ့ ကလေးမွေးဖွားပြီး ကာလအတွင်း မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေကို ဘေးကင်းစေရန်အတွက် ကျန်းမာရေးဝန်ထမ်းတွေကို ပိုမိုကောင်းမွန်တဲ့ သင်တန်းပေးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်ကြရန် UNICEF က တိုက်တွန်းခဲ့ပါတယ်။
"အလွန်များပြားတဲ့ မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေဟာ လေ့ကျင့်သင်တန်းပေးထားပြီး ပစ္စည်းကိရိယာပြည့်စုံတဲ့ ကလေးမွေးဖွားပေးသူ သို့မဟုတ် သူနာပြုရဲ့ ပြုစုစောင့်ရှောက်မှု မခံရတာကြောင့် ဝမ်းနည်းစရာအဖြစ်တွေ ကြုံနေကြရပါတယ်" လို့ Henrietta Fore က ပြောပါတယ်။ "ကလေးတွေကို ဘေးကင်းစွာနဲ့သာ မွေးဖွားပေးခဲ့မယ်ဆိုရင် သန်းပေါင်းများစွာသော မွေးကင်းစကလေးတွေဟာ မွေးဖွားတဲ့နေ့မှာပဲ သေဆုံးတာမျိုးမဖြစ်ဘဲ ဒီဆယ်စုနှစ်ထဲမှာ ရှင်သန်နေလိမ့်မယ်ဆိုတာ သေချာပါတယ်" လို့လည်း သူမက ဆိုပါတယ်။
Source: UNICEF, Aljazeera