၂၀၁၈ ရဲ့ ထူးထူးခြားခြားဖြစ်ရပ်များကို Duwun က စုစည်းဖော်ပြပေးထားပါတယ်။

အခုဆိုရင် ၂၀၁၈ ခုနှစ်တစ်နှစ်တာကို ဖြတ်သန်းလို့ ၂၀၁၉ ခုနှစ်ကိုဝင်ရောက်ဖို့ တာစူနေပါပြီ။ Duwun ရဲ့ ပရိတ်သတ်တွေကို ဒီ ၂၀၁၈ ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ ထူးခြားသတင်းတွေကို ပြန်လည်စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

ဇန်နဝါရီလ

၂၀၁၈ နှစ်သစ်ကူးည The One Entertainment မှာ လူတစ်စုရဲ့ ဝိုင်းထိုးကြိတ်ကန်ကြောက်မှုကြောင့် သေဆုံးခဲ့တဲ့ သရုပ်ဆောင် အောင်ရဲထွေးရဲ့ အမှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲမှာ လူစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပရိတ်သတ်အများအပြားရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက် အဲဒီလို လူအများကြားမှာ ရိုက်နက်သတ်ဖြတ်ခံခဲ့ရတာကြောင့် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမှုကို ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

Photo - အောင်ရဲထွေး Facebook

ဒီသတင်းအပြင် ဇန်နဝါရီ ၂၁ ရက်က FDA ဝန်ထမ်းအမျိုးသမီးကို တက္ကစီယာဉ်မောင်းက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲကတော့ အငှားယာဉ်မောင်းသမားတွေနဲ့ စီးနင်းသူ ခရီးသည်တွေကြား ယုံကြည်မှုတွေပျက်ပြားခဲ့ရသလို အငှားယာဉ်တွေရဲ့မှန်မှာ ကပ်ထားတဲ့ နေကာစတေကာတွေကို ပြည်ထဲရေးဝန်ကြီးဌာနက ခွာခိုင်းတဲ့ အထိဖြစ်ခဲ့ပါတယ်။

Photo - မရွှေရည်ဝင်း facebook

ဖေဖော်ဝါရီလ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုဖေဖော်ဝါရီ ၁ ရက် နေ့ မနက်ပိုင်းက ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ ပစ်ခတ်မှုကြောင့် တခြားထိခိုက်မှုတော့မရှိခဲ့ပါဘူး။ ကျူးလွန်သူဟာ စိတ်မနှံ့သူတစ်ဦးဖြစ်ပြီးတော့ သူ့ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ခြံအမှတ် ၅၄ ရှေ့မှာ လုံခြုံရေးတွေတိုးမြှင့်ခဲ့ရပါသေးတယ်။

Photo - Yangon Police

မတ်လ

နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ အလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်ကစပြီး ရာထူးက နေ အနားယူသွားတယ်လို့ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဦးထင်ကျော်နှုတ်ထွက်သွားပြီးနောက်မတ်လ ၂၈ ရက် မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရွေးကောက်ပွဲကိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်တဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့််ကထောက်ခံမဲ ၄၀၃ မဲနဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာပါတယ်။

Photo: Myanmar President Office

ပြီလ

ဧပြီလ ၂၁ ရက်နေ့မှာတော့ ရိုတ်တာ သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ ရဲမှူးချုပ်တင်ကိုကို ကစေခိုင်းတယ်လို့ တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင် မိသားစုဝင်တွေကို ဖိအားတွေပေးမှုတွေဖြစ်ခဲ့ပါတယ်။ ဒါအပြင် သူတို့ မိသားစုဝင်တွေနေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ပြောင်းရွှေ့ပေးခဲ့ရပြီး နေထိုင်စရာ အခက်အခဲတွေပါတွေကြုံခဲ့ရပါတယ်။ ဒုရဲမှူးမိုးရန်နိုင် ရဲ့အမျိုးသမီးဖြစ်သူ တော့ ပြည်သူတွေက သူတို့နေထိုင်ဖို့ ပိုက်ဆံတွေစုပြီး ပေးခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။ နောက်ရက်မှာ တော့ ဒုရဲမှူးမိုးရန်နိုင်ကို ပြည်ထဲရေးက ဖမ်းဆီးလိုက်ပါတယ်။ ခုချိန်မှာတော့ ဒီအကြောင်းသတင်းတွေမှာ ဖော်ပြမှုနည်းသွားခဲ့ပါတယ်။

ဧပြီလထဲ နောက်ထပ် ထူးခြားမှုကတော့ ရန်ကုန်က အကြီးဆုံးထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းတဲ့ ဖြစ်ရပ်ပါ။ ထိန်ပင် အမှိုက်ပုံဟာ ဧပြီ ၂၁ ရက် နေ့လယ် ပိုင်းက စတင်လောင်ကျွမ်းခဲ့ပြီး အနီးဝန်ကျင် မြို့နယ်နေပြည်သူများ အသက်ရှုမွန်းကြပ်မှုကို ခံစားခဲ့ကြရပါတယ်။ ရက်ရှည်လောင်ကျွမ်းခဲ့တာကြောင့် မီးသတ်တွေ၊ ရဲတွေနဲ့ တပ်မတော်က ဝိုင်းဝန်းငြိမ်းသတ်ရသလို မီးငြိမ်းသတ်သူတွေကိုလည်း ပြည်သူတွေက အစားအသောက်တွေ၊ လိုအပ်တာတွေ ထောက်ပံ့ပေးခဲ့ကြပါတယ်။

Photo - MRTV

မေလ

မေလ ၁၂ ရက်နေ့မှာတော့ မူဆယ်မြို့နယ်ထဲက လုံခြုံရေးဂိတ်စခန်းတွေနဲ့ မြို့တွင်းက နေအိမ်တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သားတွေ၊ ရဲတွေနဲ့ အရပ်သားတစ်ချို့သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကုန်သွယ်ရေးစခန်းတွေထိခိုက်ခဲ့ပါတယ်။ ရက်အတန်ကြာတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားခဲ့ပြီး ကုန်ပစ္စည်းတွေ လမ်းမှာ ရက်အတန်ကြာပိတ်မိခဲ့တဲ့ အထိ စီးပွားရေးအရလည်းထိခိုက်နစ်နာမှုတွေရှိခဲ့ပါတယ်။

Photo - မူဆယ် သတင်းများ

ဇွန်လ

၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ဘောလုံးလေ့ကျင့်အပြီး မယ်ဆိုင်မြို့အနီး ဂူအတွင်းဝင်ရောက်သွားတဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ် ကစားသမား (၁၂)ဦးနဲ့ နည်းပြတစ်ဦး အပါအဝင် (၁၃)ဦးရဲ့သတင်းဟာ မြန်မာနိုင်ငံနဲ့ တစ်ကမ္ဘာလုံးက စိတ်အဝင်စားဆုံးသတင်းဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေး သတ်မှတ်ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၀)ကျော်ရဲ့ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ အကူအညီနဲ့ ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရပြီး ၁၈ ရက်အကြာမှာ အံ့အားသင့်ဖွယ် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Photo - BBC

ဇူလိုင်လ

ိမ်ဖော် အမျိုးသမီး ကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ သုဝဏ္ဏ နယ်မြေ စခန်းမှာ အမှုဖွင့်ခံလိုက်ရပါတယ်။ နောက်ပိုင်းမှာတော့ သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူ ပေးဖို့ တိုင်တန်းတဲ့ အမှုဟာ မှန်ကန်မှုမှရှိဘူးဆိုပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမှုက ပြီးပြတ်တာမရှိသေးပဲ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Photo - Duwun

ဇူလိုင်လ နှောင်းပိုင်းကစပြီး ဖြစ်ခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ခုချိန်ထိ စုစုပေါင်း လူ ၁၇ ဦး သေဆုံးခဲ့ပြီး ၁၅၂၅၄၁ ယောက် ရေဘေးသင့်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရသိရပါတယ်။ရေဘေးသင့်အချက်အလက်တွေအရ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၃၂၉၂၅ စု၊ ပျက်စီးခဲ့သော အိမ်ခြေ ၃၀ ခု နဲ့ ယာယီကယ်ဆယ်ရေးစခန်း ၃၃၈ ခု ကိုစီစဉ်ခဲ့ရတယ်လို့ အစိုးရအချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

Photo - Aung Kyaw Hein Facebook

သြဂုတ်လ

အောင်ရဲထွေးကို သတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့် ပြစ်မှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုခဲ့တယ်လို့ဆိုတာကြောင့် လူမှုကွန်ရက်အင်တာနက်မှာ ဝေဖန်သံတွေဆူညံသွားခဲ့ရပါတယ်။ အဲ့ဒီအမှုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်က ပြန်လည်စစ်ဆေးဖို့ ပြောဆိုခဲ့ပြီးနောက် အမှုကို ရုံးပြန်တင်ခဲ့ပါတယ်။ အခုချိန်ထိ ဒီအမှုကို ဆက်လက်စစ်ဆေးနေဆဲပါ။

Photo - Than Htut Aung Facebook

နောက်ထပ် လူပြောများတဲ့ သတင်းကတော့ လူမှုကွန်ရက်ကုမ္ပဏီဖြစ်တဲ့ Facebook က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ၊ တပ်မ တော်ပိုင် မြဝတီသတင်းဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပါအဝင် ဖေ့စ်ဘွတ်စာမျက်နှာ ၁၈ ခု၊ အင်စတာဂရမ်အကောင့် တစ်ခု၊ ဖေ့စ်ဘွတ်စာမျက်နှာ၅၂ ခုကိုသြဂုတ်လ ၂၇ ရက်နေ့က ဖယ်ရှားခဲ့တဲ့ ကိစ္စပါ။ နောက်ဆက်တွဲအနေနဲ့လည်း တပ်နဲ့ပတ်သက်တဲ့ အချို့အကောင့်တွေကို ဆက်ပြီး ဖယ်ရှားနေဆဲပါပဲ။

Photo - Seniorgeneralminaunghlaing website

ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲက သြဂုတ်လ ၂၉ ရက် မှာရေစီးကျော်အရှိန်များတာကြောင့် ရေပိုလွှဲ ညာဘက်အခြမ်းပဲ့ကျခဲ့ပါတယ်။ အဲ့ဒါကြောင့် ရေထွက်တာများပြီး မူလချောင်းရေပြည့်လျှံနေလိ့ုရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ဆွာမြို့မှာ ရေကြီးရေလျံမှုတွေဖြစ်ခဲ့ရသလို အနီးအနားရွာတွေ ရေမြုပ်ခဲ့လို့ လူ ၆ ယောက်လောက်သေဆုံးခဲ့ပါတယ်။ဆွာတမံဟာ ကျိုးပဲ့မှုမတိုင်ခင် တပတ်အလိုက စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာမှာလည်း ကြံ့ခိုင်မှုရှိပြီး စိုးရိမ်စရာမလိုကြောင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီလို ဖော်ပြပြီး မကြာမီမှာပဲကျိုးပေါက်ခဲ့တာပါ။

photo - မြန်မာ့အလင်း

မူးယစ်ဆေးပြား ၂၆ ပြား လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို သြဂုတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီရက်ပိုင်းမှာပဲ အဆိုတော် ရွှေထိုက် နဲ့ ရသ တို့လည်း မူးယစ်ဆေးတွေနဲ့အတူဖမ်းဆီးရမိခဲ့ကြတာဖြစ်တဲ့ အတွက် အနုပညာလောကအတွက် စိုးရိမ်စရာကောင်းတဲ့ ကာလတစ်ခုဖြစ်ခဲ့ရပါတယ်။

စက်တင်ဘာလ

နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁)(ဂ) နဲ့ တရားစွဲဆို ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို မြောက်ပိုင်းခရိုင်တရားရုံးကနေစက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ ဒီကိစ္စအပြီးမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းသတင်းလွတ်လပ်ခွင့်တောင်းဆိုးသူတွေရဲ့ တောင်းဆိုမှုတွေအရှိန်တက်ခဲ့သလို နိုင်ငံခြားအစိုးရတွေကိုယ်တိုင် သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ အယူခံဝင်နေဆဲ အဆင့်သာရှိပါသေးတယ်။

အခြားထူးခြားတဲ့ သတင်းကတော့ သရုပ်ဆောင် အာင်ရဲထွေးသေဆုံးမှုမှာတရားခံတွေကိုလွှတ်ပေးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လာဘ်ပေးလာလာဘ်ယူမှုရှိတယ်ဆိုတဲ့ စွဲချက်နဲ့ ရန်ကုန်တိုင်းဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိ ငါးဦးနဲ့ အရင် သုဝဏ္ဏနယ်မြေရဲစခန်း စခန်းမှူးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ စက်တင်ဘာ ၁၃ ရက်နေ့တရားစွဲတင်လိုက်လိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ တရားသူကြီးချုပ်တစ်ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေ ဥပဒေနဲ့ တရားစွဲတင်တာဖြစ်တဲ့အတွက် ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

Photo - Yangon Region Government

ရွှေတိဂုံစေတီတော် ထိပ်ပိုင်းမှာကပ်လှူပူဇော်တဲ့သော ရွှေပြားများ ညိုမည်းလာပြီးတဲ့ နောက်ပိုင်း ကောလဟာလတွေအများအပြားထွက်ပေါ်ခဲ့တာကြောင့် သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ရသလို၊ လူမှုကွန်ရက်သုံးစွဲသူတွေအကြားထင်မြင်ယူဆချက်ပေါင်းစုံထွက်လာခဲ့ပါတယ်။ ခုချိန်မှာတော့ ရွှေပြားတွေကို အသစ်တွေနဲ့ အစားထိုးလဲလှယ်ဖို့အတွက် အဖွဲ့တစ်ခုသေချာဖွဲ့ပြီး စစ်ဆေးနေပါတယ်။

အောက်တိုဘာလ

အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၇ နာရီခန့်က မင်းဘူးမှာ ဖြစ်ပွားခဲ့တဲ့ စစ်လေယာဉ်နှစ်စင်းပျက်ကျမှုမှာ လေယာဉ်မှူးနှစ်ဦးသေဆုံးခဲ့ပြီး လေယာဉ်အစိတ်အပိုင်းထိမှန်မှုကြောင့်အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းလည်း ဆုံးပါးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူမှုကွန်ရပ်ပေါ်မှာတော့ သေဆုံးသူ လေယာဉ်မှူးတွေအတွက် ဝမ်းနည်းကြောင်းတွေ ရေးခဲ့ကြသလို ကျောင်းသူလေး မသွယ်ဇင်ငြိမ်းအတွက်လည်း ဝမ်းနည်းဆုတောင်းစကားတွေ ရေးခဲ့ကြပါတယ်။

Photo - Kyaw Swan Ye

နိုဝင်ဘာလ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ နေရာနိုင်ခဲ့ပြီး ကျန်တဲ့နေရာတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အခြားပါတီတွေက အနိုင်ရရှိခဲ့ပါတယ်။

Photo - Duwun

ဒီဇင်ဘာလ

Twitter ရဲ့ CEO ဟာ မြန်မာနိုင်ငံမှာ ဝိပဿနာတရားလာရောက်အားထုတ်ခဲ့ပါတယ်။ ဂျက်ဒေါ်ဆီ ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ပြင်ဦးလွင် ဓမ္မမဟိမ္မကျောင်းမှာ ၁၀ ရက် ဝိပဿနာတရားစခန်း ဝင်ခဲ့တာပါ။ မြန်မာနိုင်ငံဟာ ပြောစရာမလိုအောင် လှပတဲ့ နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ လူတွေဟာ ပျော်ရွှင်နေကြပြီး စားစရာတွေကလည်း အတော့်ကို ကောင်းတယ်လို့ဒီဇင်ဘာ ၈ ရက်နေ့မှာတွစ်တာကနေ ရေးသားလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကို ထောက်ခံပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူအနောက်မီဒီယာတွေနဲ့တော်တော်များများရဲ့ဝေဖန်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။

Photo - Jack Twitter

တစ်သောင်းတန်ငွေစက္ကူအတုသုံးစွဲမှု၊ တွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး လူပြောများခဲ့ပါတယ်။ စင်ကာပူကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ နော်သောသွဲ့ထူးဆိုတဲ့ မိန်းကလေးဆီမှာလည်း တစ်သောင်းတန် ငွေစက္ကူအတုတွေတွေ့ရှိမှုစကလို့ လူမှုကွန်ရက်ပေါ်မှာ ပြောဆိုမှုတွေများခဲ့သလို တစ်သောင်းတန်တွေအပေါ်သံသယတွေများလာခဲ့တဲ့ ကာလဖြစ်ပါတယ်။



Photo - Myanmar Now

Share

Loading Next Article...
က္က