ကျန်းမာရေးမကောင်းတာ ၂ နှစ်ရှိပြီ။

ဟာသလူရွှင်တော် သရုပ်ဆောင် ဧရာက ၂ နှစ်ကြာ ဝေဒနာခံစားနေရတဲ့ သူ့ရဲ့ ကျန်းမာရေးအကြောင်းကို ပြောပြလာပါတယ်။ ဇာတ်ပို့ဇာတ်ရံတစ်ယောက် အနေနဲ့ ကျန်းမာရေးကို အမြဲဂရုတစိုက်ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။

ခါးရောဂါကြောင့် အရိုးကျန်းမာရေးဆေးရုံ (ကြည့်မြင်တိုင်) မှာ ဆေးကုသမှု ခံယူနေရတဲ့ ဟာသလူရွှင်တော် ဧရာက သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ရင်ဖွင့်ခဲ့ပါတယ်။ ဒီဝေဒနာခံစားနေရတာတော့ ၂ နှစ်ရှိပြီလို့ Duwun Media ကနေ ပြောပြလာပါတယ်။



‘’၂ နှစ်ကျော်လောက်ရှိပြီ။ ပြန်နာလာလို့ ထပ်ခွဲရတယ်။ ကျန်းမာရေး အခြေအနေက အခု ပြန်ချုပ်ထားပြီးပြီ။ ခွဲစိတ်တာ အောင်မြင်သွားတာပေါ့နော်။ ချုပ်ရိုးကျက်သွားရင်တော့ ဆင်းရမှာပေါ့။ အခုက အကြောခွဲထားတာဆိုတော့ အနာမကျက်သေးတော့လည်း နာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

အဲ့ဒီနောက် ဧရာဟာ ဇာတ်ပို့ ဇာတ်ရံတစ်ယောက် အနေနဲ့ ကျန်းမာရေးကို ဂရုတစိုက်အမြဲရှိဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုလို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

‘’ ကျန်းမာရေးကလည်း အဓိက ဇာတ်ပို့၊ ဇာတ်ရံတွေက ကျန်းမာရေးကို ဂရုတစိုက်လုပ်ဖိ့ု အချိန်မရှိဘူး။ သူတို့ ခေါ်တဲ့အချိန် ကိုယ်က သွားရတာလေ။ အခုလည်း ကုတော့ကုနေတာပဲ ဘုန်းကံရှိရင်တော့ သက်သာလာမှာပေ့ါလေ။ အခုလည်း တော်တော်လေးကို ကောင်းလာပါပြီ’’ လို့ အရိုးကျန်းမာရေးဆေးရုံ (ကြည့်မြင်တိုင်)ကို သွားရောက်မေးမြန်းထားတဲ့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ဟာသလူရွှင်တော် သရုပ်ဆောင် ဧရာက အနုပညာနဲ့ ပတ်သက်လာရင် ဝါသနာပါလွန်းတာကြောင့် သရုပ်ဆောင်အလုပ်ကို ပြန်လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းအောင် ကြိုးစားနေပါတယ်တဲ့။ နေမကောင်းဖြစ်နေတဲ့ အချိန်မှာလည်း ကြိုးစားပမ်းစား ရေးထားတဲ့ ဟာသဝတ္ထုလေးတွေလည်း ထုတ်မယ်လို့ ဆိုပါတယ်။

‘’ ဒါကတော့ ကောင်းသွားရင်တော့ ဆက်လုပ်သွားမှာပေါ့နော်။ လုပ်ဖို့ကိုလည်း ဒါရိုက်တာ မောင်သီက စီစဉ်ပေးထားတယ်။ ရိုက်ဖို့ရှိတာက Program တစ်ခု ‘ရှေးဟောင်း ဟာသများ’ ဆိုတာလား မသိဘူး။ အခု နေမကောင်းတဲ့အချိန်မှာလည်း ဒီအတိုင်းမနေဘူး။ စာရေးတာ ဝတ္ထုထုတ်ဖို့ရှိတယ် ‘ဟင်းချက်မစားတဲ့ ရပ်ကွက်’ ဆိုပြီးတော့ ဝတ္ထုပေါင်းချုပ်ပေါ့ ဟာသတွေချည်းပဲ‘’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

ဦးဧရာရဲ့မိသားစုမှာတော့ ဇနီးဖြစ်သူရယ်၊ သမီးရယ်၊ မြေးလေးရယ်၊ သားမက်ရယ် ရှိတယ်လို့ သူကဆိုပါတယ်။ ဧရာဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေ နဲ့ ရယ်မောစရာတွေကို ဖန်တီးပေးတတ်တဲ့ လူရွှင်တော် တစ်ဦးဖြစ်သလို ဟာသသရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က