အဆိုတော်အိုင်းရင်းဇင်မာမြင့်ဟာ City FM က ချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယိုတေးသံရှင် အမျိုးသမီးဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်
City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယို တေးသံရှင် အမျိုးသမီးဆုကိုတော့ အိုင်းရင်းဇင်မာမြင့်က ''မာ'' music album နဲ့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားပါပြီ။
'' ၃ ခွေမြောက်တိုင်အောင် အိုင်းရင်းကို ယုံယုံကြည်ကြည်နဲ့ အခွေထုတ်ပေးတဲ့ အမေ ကျေးဇူးတင်ပါတယ်နော်။ ၄ ခွေမြောက် အခွေကိုလည်း မျှော်နေပါတယ်။ ဒီဆုကြီးကို အမှန်အတိုင်းပြောရရင် အရမ်းလိုချင်တာပါ။ တကယ်လက်ထဲရောက်လာတော့ ဘာမှ ပြောစရာမရှိတော့ဘူး။ ဒီအခွေမှာ ကူညီပေးထားကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်'' လို့ သူ့ရင်ထဲက ခံစားချက်ကို ပြောပြထားပါတယ်။
City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီ ပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆုရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။
အိုင်းရင်းဇင်မာမြင့်ကို Melody World သီချင်းဆို ပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ပရိသတ်အချစ်တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။