ဒါရိုက်တာ ကြည်ဖြူသျှင်က သူမကို လာကန်တော့တဲ့ တပည့် အောင်ရဲလင်းကို တရားအားထုတ်ဖို့ တိုက်တွန်းဖြစ်တယ်လို့ ဆိုပါတယ်.
Photo : ကြည်ဖြူသျှင် FB
သရုပ်ဆောင် အောင်ရဲလင်းက သူ့ရဲ့ လက်ဦးဆရာဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဆီသို့ သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ(၂၃) ရက်နေ့ ဗုဒ္ဓဂယာဘုရားဖူးသွားမယ့် သူမကို လာကန်တော့တဲ့ တပည့်ကိုလည်း တရားအားထုတ်ဖို့ တိုက်တွန်းဖြစ်တယ်ဆိုုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“
ဒီဇင်ဘာ (၂၃) ဗုဒ္ဓဂယာဘုရားဖူးသွားမယ့် ကျွန်မကိုဘုရားဖူးမသွားခင်၊အမှီလာကန်တော့တဲ့ ချစ်တပည့်. . .ကျွန်မမွေးနေ့ ဒီဇင်ဘာ(၂၆)ကို ဘုရားပွင့်ရာ ဒေသ ၊ ဗုဒ္ဓဂယာမှာတရားအားထုတ်ရင်း၊ ဘုရားဖူး ရင်းဖြတ်သန်းချင်လို့သွားဖြစ်မှာပါ။ ဆရာတပည့် တွေ့ကြတဲ့အခိုက်၊တရားအားထုတ်ဖို့တိုက်တွန်းရင်း၊ ကိုယ်သိသလောက်မျှဝေပေးဖြစ်ပါ တယ်. . .သတိ. . . ဥပေက္ခာ. . . အနိစ္စ. . .ဘယ်တော့မှ မမေ့ပါနဲ့ ချစ်တပည့်ရေ. . .
အစ်မ ကြည်ဖြူသျှင်” ဆိုပြီး ဒီဇင်ဘာ(၁၇) ရက်နေ့က ရေးသားထားတာပါ။
Photo : ကြည်ဖြူသျှင် FB
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ တပည့်ဖြစ်သူ အောင်ရဲလင်းကို တွေ့တိုင်းတစ်ခုမဟုတ် တစ်ခု ဆုံးမတတ်သူလည်း ဖြစ်ပါတယ်။ ဆရာဖြစ်တဲ့ စကားကိုလည်း အောင်ရဲလင်းက နားထောင်သူပါ။ကြည်ဖြူသျှင်ဟာ ၂၀၁၇ ခုနှစ်အတွင်းကလည်း ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ခဲ့ပါတယ်။ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားဟာ ၁၉၈၈ နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးသမားတွေ ရဲ့ခံစားချက် တွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
Photo : ကြည်ဖြူသျှင် FB
ဇာတိ မြေ ရုပ်ရှင်ဇာတ်ကားထဲမှာ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ရန်အောင် နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ် ပါတယ်။
ဒါရိုက်တာကြည်ဖြူသျှင် ရဲ့ တီဗီကြော်ငြာ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အမြဲတမ်း အောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများစွာထဲကမှ နောက်ဆုံးရုံတင်ဖြစ်လိုက်တဲ့ ဇာတိမြေ ရုပ်ရှင် ဇာတ်ကားက မြန်မာနိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာပါ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ ဇာတိမြေရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၂၇ ရက်နေ့က စပြီး ရုံတင်ပြသတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်း အမှတ် တစ်ခုအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရုံမတင်ခင် အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့တာဖြစ်တဲ့အတွက် ဇာတ်ကား ကောင်း ဖန်တီးချင်ကြတဲ့ အနုပညာရှင်တွေအတွက်တော့ မျှော်လင့်ချက်တွေ ပိုနည်းလာနိုင်တယ်လို့လည်း ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောပြခဲ့ပါ သေးတယ်။