ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအုပ်စုက လှေတော်ရွာ ကျောက်တောင်ကြီးပေါ်မှာ တည်ထားကိုးကွယ်မယ့် အောင်သိန္ဒိစေတီတော် တည်ဖို့အတွက် မတည်ငွေ သိန်း ၅၀ လှူခဲ့ပါတယ်တဲ့။
Photo: Htoo El Linn
သရုပ်ဆောင်မြင့်မြတ်က ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းမှာ တည်ထားကိုးကွယ်မယ့် အောင်သိန္ဒီ စေတီတော် တည်ထားကိုးကွယ်ဖို့အတွက် သိန်း ၅၀ မတည်ငွေ လှူဒါန်းခဲ့တယ်လို့ ထူးအယ်လင်းက ပြောပြခဲ့ပါတယ်။
‘’ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု လှေတော်ရွာ ကျောက်တောင်ကြီးပေါ်တွင်တည်ထားကိုးကွယ်မည့် ၃၁ ဘုံသားများအတွက်ရည်စူးပြီး ၃၁ တောင်ပြည့် အောင်သိန္ဒိစေတီ တည်ဖို့ရာအတွက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်မှ မတည်ငွေ သိန်းငါးဆယ်(၅,၀၀၀,၀၀၀) ၊ ကျွန်တော်နှင့်ဆိုင်ကယ်ချစ်သူညီအကိုများမှ သိန်းသုံးဆယ်(၃,၀၀၀,၀၀၀) ၊ စုစုပေါင်းသိန်းရှစ်ဆယ်(၈,၀၀၀,၀၀၀)ဖြင့် စေတီတည်ဆောက်ဖို့ မတည်လှူဒါန်းပါတယ်ဗျ’’ဆိုပြီးတော့ ထူးအယ်လင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မေလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
Photo: Htoo El Linn
မြင့်မြတ် ရဲ့ အလှူကြောင့်လည်း လှေတော်ရွာသူ၊ ရွာသားတွေနဲ့ ဘုန်းတော်ကြီးတွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
‘’လှေတော်ရွာသူ ရွာသားတွေ သာသနာရေးက ဘုန်းတော်ကြီးတွေ တအားကို ဝမ်းသာပီတိဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း ဇာတ်လိုက်(မြင့်မြတ်)ကို ကျေးဇူးတင် ဝမ်းသာမိတယ်။ ယခု ကုသိုလ်အမျှကို နတ် လူ ဘီလူး မုဒိတာပွားများ၍ ပီတိဝမ်းသာဖြင့် သာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ။ သာဓု သာဓု သာဓု။ လေးစားပါတယ်မြင့်မြတ်ရာ ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။
Photo: Myat Wai Tun
မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျောမှာ ဂဠုန် ရင်မှာ နဂါး’’ရုပ်ရှင်ကားကြီးကလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
Photo: Myat Wai Tun
ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေ သတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ထပ်လည်း ပြုပြင်ဖို့လိုအပ်နေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီပုထိုးတွေ မှာလည်း ပါဝင်ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။