အောင်ကြီးသည် ကလေးတွေ ရှိနေတဲ့ အခန်းထဲကို လုံးဝမသွားခဲ့သလို လိင်အကြမ်းဖက်မှုလည်း မပြုလုပ်ခဲ့ဘူးလို့ Wisdom Hill မူကြိုကျောင်းက ဆရာမတစ်ဦးက ရုံးတော်မှာ ထွက်ဆိုသွားခဲ့ပါတယ်။
Photo- တရားရုံးမှာ အောင်ကြီးရဲ့ မိခင်ကို တွေ့ရစဉ်။
ဒီနေ့ အောက်တိုဘာ ၂၃ ရက် က ဗစ်တိုးရီးယား အမှု ရုံးချိန်းမှာတော့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားတို့ရဲ့ ဆရာမတစ်ဦးဖြစ်သူ ဒေါ်နီလာအေးကို သက်သေအဖြစ် စစ်ဆေးခဲ့ရာမှာ အခုလိုပြောသွားခဲ့တာပါ။
“ အောင်ကြီးကျောင်းကို ဝင်သွားတဲ့အချိန်ကနေ ပြန်ထွက်သွားတဲ့အချိန်အထိ ကလေးတွေရှိတဲ့အခန်းထဲကို လုံးဝမ၀င်ဘူး။ အောင်ကြီးဟာ နစ်နာသူ ကလေးလေးကို လိင်အကြမ်းဖက်မှုကို ပြုလုပ်ခဲ့ခြင်းမရှိဘူးဆိုတာ ဟုတ်ပါသလားလို့ ကျွန်မက နောက်ဆုံးပိတ် မေးခွန်းမေးရာမှာ ဆရာမကနေပြီးတော့ အောင်ကြီးလုံးဝမဟုတ်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ “ လို့ အောင်ကြီးဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က တရားခွင်အပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဒီနေရုံးချိန်းမှာ သံသယတရားခံ အောင်ကြီးရဲ့ အာမခံလျှောက်ထားမှုနှင့်ပတ်သက်ပြီး အမှုရဲ့ အရည်အသွေးကို ကြိုတင်ဆုံးဖြတ်ရောက်မှာဖြစ်တာကြောင့် ရုံးတော်ကနေ ပယ်ချလိုက်တယ်လို့လည်းသိရပါတယ်။
ဒါပေမယ့် အောင်ကြီးရဲ့ ရှေနေ့တွေအနေနဲ့ကတော့ ရုံးချိန်းတွေမှာ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ အပေါ် မူတည်ပြီးတော့ အောင်ကြီးကို တရားရှင်လွှတ်ပေးဖို့ ဆောင်ရွက်သွားမယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ဆိုပါတယ်။
“ နောက်ထပ် မူကြိုကျောင်းမှာ ရှိနေတဲ့သက်သေတွေကို ထပ်ပြီးစစ်လိုက်မယ်ဆိုရင် အခုသက်သေထွက်ဆိုတဲ့ ဆရာမလေးရဲ့ ပြောစကားတွေ အတိုင်းပဲ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ တရားရှင်လွှတ်နိုင်အောင် ဆောင်ရွက်မယ်” လို့ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာ Wisdom Hill မူကြိုကျောင်းက ဆရာမတစ်ဦးနဲ့ မူကြိုကျောင်းက CCTV ကိုထိန်းသိမ်းတဲ့ ဝန်ထမ်းကိုစစ်ဆေးခဲ့ပြီးနောက်ထပ် နိုဝင်ဘာ ၆ ရက်နေ့ ရုံးချိန်းမှာ CCTV ဝန်ထမ်းကို ဆက်လက်စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။