အောင်ဆန်းရုပ်ရှင်ကို ဟောလိဝုဒ်ဇာတ်ကားတွေလို ဒေါ်လာ သန်းပေါင်းများစွာအကုန်အကျခံ ရိုက်တာတွေနဲ့ယှဉ်ပြီး ဘဏ္ဍာငွေတွေကို သုံးတာ၊ဖြုန်းတာတွေမလုပ်ဘဲ ကိုယ့်အထွာလေးနဲ့ကိုယ် တက်နိုင်သလောက် အကောင်းဆုံးဖန်တီးသွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာလူမင်းက မီဒီယာတွေကိုပြောပါတယ်။
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးခြင်းအခမ်းအနားပုံရိပ်များ
အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဥက္ကဌဖြစ်တဲ့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဘဏ္ဍာငွေလိုအပ်လာခဲ့ရင် လိုအပ်သလောက်ချပေးဖို့ ကတိခံထားပြီးဖြစ်တာကြောင့် ရုပ်ရှင်ကားကို အရည်အသွေးအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ ဒါရိုက်တာလူမင်းက ပြောပါတယ်။
“ ပြည်ထောင်စုဝန်ကြီးကလည်း ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး အာမခံထားတော့ ကျွန်တော်တို့ကဘဏ္ဍာငွေကိုထည့်မတွက်ဘဲ ရုပ်ရှင်ကိုပဲ အကောင်းဆုံးဖြစ်အောင်ရိုက်သွားမယ်။ဒါပေမယ့် သူ့အထွာ၊ ကိုယ့်အထွာနဲ့တော့ မတူဘူးပေါ့။ ဟောလိဝုဒ်ဇာတ်ကားတွေလို ဒေါ်လာ သန်းပေါင်းများစွာအကုန်အကျခံရိုက်တာတွေနဲ့တော့ယှဉ်ပြီး ကျွန်တော်တို့ သုံးတာ၊ ဖြုန်းတာတွေမရှိပါဘူး။ ကိုယ့်အထွာလေးနဲ့ကိုယ် တက်နိုင်သလောက် အကောင်းဆုံးဖန်တီးသွားမှာပါ” လို့ ဒါရိုက်တာလူမင်းက မီဒီယာတွေကိုပြောပါတယ်။
လက်ရှိမှာတော့ အောင်ဆန်းရုပ်ရှင်ရိုက်ကူးဖို့အတွက် ဘဏ္ဍာငွေရရှိမှုဟာ အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး (၁၁)ကြိမ်မြောက်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးပြောကြားချက်အရ အလှူငွေ သိန်း(၄၀၀၀)၊ (၅၀၀၀)လောက်ရရှိထားတယ်လို့ သိရပါတယ်။ ဒီကနေ့ အောင်ဆန်းရုပ်ကြည်စတင်ရိုက်ကူးခြင်းအခမ်းအနားမှာလည်း အလှူငွေ သိန်း(၅၀၀၀)ကို လက်ခံရရှိခဲ့ပါသေးတယ်။
အောင်ဆန်းရုပ်ရှင်ကားကြီးကိုတော့ မျှော်မှန်းထားတဲ့အတိုင်းရာနှုန်းပြည့်အောင်မြင်အောင်ကြိုးစားသွားမယ်လို့လည်း လူမင်းကပြောပါတယ်။
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးခြင်းအခမ်းအနားပုံရိပ်များ
အောင်ဆန်းရုပ်ရှင်မှာတော့ အနုပညာလောကထဲက ဝါရင့်သရုပ်ဆောင်တွေ (၅၀)% လောက်နဲ့ အပြင်က မျက်နှာသစ်သရုပ်ဆောင်တွေကလည်း (၅၀)%ပါဝင်တယ်လို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ကတော့ လူမင်း၊ ရန်အောင်၊ရဲအောင်၊ မင်းဦး၊ ခန့်စည်သူ၊ နိုင်းနိုင်းနဲ့ မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ ရုပ်ရှင်ကိုတော့ ဗိုလ်ချုပ်တက္ကသိုလ်ကျောင်းသားဘဝက စတင်ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးဇာတ်ဝင်ခန်းကိုတော့ စက်တင်ဘာလ(၃၀)ရက်နေ့မှာ ရန်ကုန်မြို့အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ မန္တလေး၊ အင်းဝ၊ နတ်မောက်တို့မှာရိုက်ကူးမှာဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။ နိုင်ငံခြားရိုက်ကူးရေးတွေကိုတော့ ကွန်ပျူတာ Graphic နဲ့ပဲ ဒီမှာတူညီတဲ့နေရာတွေမှာ Setting လုပ်ပြီး ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။အောင်ဆန်းရုပ်ရှင်ကားကြီးကိုတော့ ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသသွားမှာပါ။