ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိနေပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံချက်စက်ရုံနဲ့ ရေနံလုပ်ကွက်တွေကို ဒရုန်းဖြင့်တိုက်ခိုက်မှုဟာ အီရန်နိုင်ငံရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုက ပြောကြားလိုက်ပါတယ်။

(Photo: Screengrab from video obtained by Reuters)

ယမန်နေ့ (စက်တင်ဘာ ၁၄ ရက်) က ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံ အပါအဝင် ဆော်ဒီအစိုးရပိုင် Aramco ကုမ္ပဏီရဲ့ ရေနံချက်စက်ရုံနှစ်ရုံ ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရပြီး အကြီးအကျယ် မီးလောင်ပျက်စီးခဲ့ပါတယ်။



အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ယီမင်နိုင်ငံမှ ဟူသီသူပုန်အုပ်စုက အစောပိုင်းမှာ ပြောကြားမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး အီရန်လက်ချက်ဖြစ်တယ်လို့ လူသိရှင်ကြား အပြစ်တင်ပြောကြားခဲ့ပါတယ်။

(Photo: Screengrab from video obtained by Reuters)

ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီရဲ့ရေနံထုတ်လုပ်မှုဟာ တစ်ရက်လျှင် ရေနံစည် ၅.၇ သန်းအထိ လျော့ကျသွားခဲ့ကြောင်းနဲ့ ထိုပမာဏဟာ နိုင်ငံရဲ့ရေနံထုတ်လုပ်မှု ထက်ဝက်ခန့်ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှု သိသာစွာ လျော့ကျသွားမှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်းလည်း သိရပါတယ်။

"ရိုဟာနီနဲ့ ဇာရစ်ဖ်တို့က သံတမန်ဆက်ဆံရေး ဟန်ဆောင်လုပ်ပြနေတုန်း တီဟီရန် (အီရန်အစိုးရကို ရည်ညွှန်းမှု) က ဆော်ဒီအာရေဗျကို အကြိမ် ၁၀၀ နီးပါးလောက် တိုက်ခိုက်ခဲ့တယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုက အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဒ် ဇာရစ်ဖ်တို့ကို ရည်ရွယ်ပြောကြားခဲ့ပါတယ်။

(Photo: Stringer for Reuters)

ဆော်ဒီ ရေနံချက်စက်ရုံတွေကို ဒရုန်းဖြင့်တိုက်ခိုက်မှုကို ယီမင်နိုင်ငံကနေ လုပ်ဆောင်ခဲ့ကြောင် သက်သေအထောက်အထား မရှိခဲ့ဘူးလို့လည်း မိုက်ပွန်မ်ပီအိုက Twitter မှာ ပြောထားပါတယ်။ ဆော်ဒီက အနောက်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်ပြီး ယီမင်အစိုးရဘက်ကနေ ပါဝင်ကူညီကာ ဟူသီသူပုန်တွေကို တိုက်ခိုက်နေပါတယ်။

ယီမင်အစိုးရနဲ့ တိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေကိုတော့ အီရန်က အားပေးထောက်ပံ့နေကြောင်း သိရပါတယ်။ အကယ်၍သာ ဟူသီသူပုန်တွေက ယီမင်ကနေ ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပါက ၎င်းတို့ရ့ တိုက်ခိုက်ရေးဒရုန်းတွေဟာ ဆော်ဒီအလယ်ပိုင်းနေရာကို ရောက်ရှိရန်အတွက် မိုင်းပေါင်းရာနဲ့ချီ ပျံသန်းခဲ့ရလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

(Infographic Map: Daily Mail)

ထိုအတောအတွင်း ကျွမ်းကျင်သူတွေက ဆော်ဒီရေနံချက်စက်ရုံတွေကို ဒရုန်းဖြင့်တိုက်ခိုက်မှုဟာ မြောက်ဘက်မှ အီရန်က လုပ်ဆောင်ခဲ့ခြင်း သို့မဟုတ် အီရတ်နိုင်ငံရှိ ၎င်းရဲ့မဟာမိတ် ရှီအာမွတ်စလင်မ်တွေက ဒရုန်းမဟုတ်ဘဲ ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ခြေနှစ်ခုကို စုံစမ်းစစ်ဆေးနေကြောင်း Wall Street Journal က သတင်းဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နှစ်အတွင်း အီရန်နဲ့ အင်အားကြီးနိုင်ငံများ လက်မှတ်ရေးထိုးထားခဲ့ကြတဲ့ နျူကလီးယားအရေး သဘောတူညီမှုကို ရုပ်သိမ်းလိုက်ပြီး အရေးယူပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့မှုနောက်ပိုင်း အမေရိကန်နဲ့အီရန်တို့ကြား တင်းမာမှုတွေမြင့်တက်နေခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က