၂၀၂၀ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂိလကိုယ်စားလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄(က)နဲ့ ဩဂုတ်လ (၂၁)ရက်နေ့က ပုဇွန်တောင်မြို့နယ်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဦးဌေးအောင်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲပြောဆိုမှုတွေကြောင့် အခုလို ဦးဌေးအောင်ကို ဖမ်းဆီးဖို့အတွက် NLD ဘက်ကဆောင်ရွက်တာမဟုတ်ဘဲ ပုဇွန်တောင်မြို့နယ်ထွေအုပ်က တရားလိုပြုတိုင်ကြားခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့လည်း အဲဒိကိစ္စကြားပါတယ်။ သူ့ကိုတရားစွဲတဲ့ပုဒ်မကတော့ သိတဲ့တိုင်း နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်စော်ကားပြောဆိုမှုတွေကြောင့် ပုဒ်မ ၁၂၄(က)နဲ့စွဲတာဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ကတော့ ဘာမှညွှန်ကြားထားတာမရှိသေးဘူး။ တရားလိုပြုတိုင်တန်းတာလည်း မြို့နယ်ထွေအုပ်ကဆိုတော့ အစိုးရဘက်ကအနေနဲ့ပဲလုပ်စရာရှိတာ ဆက်လုပ်ပါလိမ့်မယ်”လို့ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုပြီး ဖမ်းဆီးခဲ့တာပါ။
လက်ရှိမှာတော့ ချုပ်ရက် ရမန် (၂)ပတ်ယူထားတယ်လို့ သိရပါတယ်။
ဦးဌေးအောင်က ၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမြို့နယ်ကိုယ်စားလောင်းအဖြစ် ဝင်ရောင်ယှဉ်ပြိုင်မယ့်သူဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ကာလအတွင်းမှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ အာဏာရပါတီအပေါ်မှာ စွပ်စွဲပြောဆိုမှုတွေလုပ်ဆောင်နေတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ကိုတရားစွဲဆိုထားတဲ့ ပုဒ်မ ၁၂၄(က)က အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်တယ်လို့ သိရပါတယ်။