အဂ္ဂါစိုင်းကတော့ "ပိတောက်ကတဲ့ ဂီတ" ဇာတ်ကားထဲမှာ အရမ်းချစ်တတ်သူ တစ်ယောက်ပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ အဂ္ဂါစိုင်းလို အရမ်းချစ်တတ်တဲ့ ကောင်လေးတစ်ယောက်အတွက် ချစ်သူကောင်မလေး ဖြစ်လာမယ့် ပိုးမဒီ နေရာမှာ ပိုးမမှီသာကို ရွေးချယ်လိုက်တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: ပိတောက်ကတဲ့ ဂီတ



စိုင်းစိုင်းခမ်းလှိုင်ကတော့ သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရိုက်ကူးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီးထဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပိုးမမှီသာကို ရွေးချယ်လိုက်တဲ့အကြောင်း ပြောပြလာပါတယ်။ 

“ဒီဇာတ်ကားမှာ အဂ္ဂါစိုင်းကာရိုက်တာနဲ့ တွဲဖက်မယ့် မင်းသမီးကို ကျွန်တော်က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပရိသတ်အားလုံးကို ကိုယ်စားပြုပြီးတော့ ရွေးချယ်ချင်တာ ဖြစ်ပါတယ်။ တကယ်လို့ မအေးမြတ်သူကို ပိုးမဒီကာရိုက်တာအဖြစ် ရွေးချယ်မယ်ဆိုရင် ပရိသတ်တွေက မအေးမြတ်သူလို့ပဲ ခံစားမိမှာ ဒါကြောင့် ဒါရိုက်တာ ဦးမီးပွားနဲ့တိုင်ပင်ပြီး မျက်နှာသစ် သရုပ်ဆောင်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Faith

စိုင်းစိုင်းဟာ အနုပညာအလုပ်ကို ဝါသနာပါတဲ့သူတွေကို မြေတောင်မြှောက်ပေးလေ့ရှိသူ တစ်ယောက်ပါ။ သူ့ရဲ့ SAI အလှကုန်ပစ္စည်းကြော်ငြာတွေမှာလည်း သရုပ်ဆောင်အသစ်တွေကိုသာ ရွေးချယ်လေ့ရှိပါတယ်။ ပိုးမမှီသာကလည်း SAI အလှကုန်ပစ္စည်း ရဲ့ ကြော်ငြာသူတစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုဆိုရင်တော့ စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ပိတောက်က တဲ့ ဂီတ” ရုပ်ရှင်ကားကြီးကို မတ်လ ၅ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ဒီဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့က အဓိက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲဒီနောက် ကျော်သူ၊ ချိုပြုံး နဲ့ အေးမြတ်သူတို့က ဇာတ်ပို့သရုပ်ဆောင်တွေ အဖြစ် ပါဝင်ထားတာ တွေ့ရပါတယ်။ “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားဟာ ဂီတ ရုပ်ရှင် ဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ 

Photo: ပိတောက်ကတဲ့ ဂီတ

စိုင်းစိုင်းခမ်းလှိုင်ဟာ အဂ္ဂါစိုင်းကာရိုက်တာနဲ့ “ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဂ္ဂါစိုင်းရဲ့ ချစ်တတ်မှုတွေက အပြင်က စိုင်းစိုင်း လုပ်ချင်တဲ့အရာမျိုးတွေပဲလို့ စိုင်းစိုင်းခမ်းလှိုင်က သဘောကျရယ်မောရင်း ပြောလာပါတယ်။ 

“ တကယ်တော့ ကျွန်တော်အပြင်မှာ ပြောချင်တဲ့ အရာတွေကို သီချင်းထဲမှာ ထည့်ရေးသလိုပဲ အပြင်မှာ လုပ်ချင်တဲ့ အရာတွေကို ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားအတွက် မျှော်လင့်ချက်ကတော့ ကျွန်တော် စာမေးပွဲဖြေသလိုပဲ စာလည်းကျက်ထားတယ်၊ ဖြေလည်း ဖြေနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ပရိသတ်တွေက ကျွန်တော့်ကို အမှတ် ၂၀ ဖိုးအားပေးမှာလား၊ ၅၀ ဖိုး အသိအမှတ်ပြုမှာလားဆိုတာ အောင်စာရင်းထွက်လာမှ သိရမှာပါ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: ပိတောက်ကတဲ့ ဂီတ

စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က