အဆိုတော် အစ္စဏီဟာ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားတာ ဖေဖော်ဝါရီ(၁၂) ရက်နေ့မှာ (၁၀)လတိတိပြည့်တော့မှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးကနေ အမှုတွဲ ပြန်မကျသေးတာကြောင့် အခုချိန်ထိ အမှုမစစ်နိုင်ပဲ တာမွေရုံးချိန်းကိုပဲ တက်ရောက်နေရတယ်လို့ သိရပါတယ်။
"ဘာလုပ်ဖို့ရှိလဲဆိုရင် အကိုတို့က တရားလိုဘက်က တက်ရောက်တဲ့ အပါ်မှာ မူတည်ပြီး ဥပဒေနဲ့အညီ တင်ပြထားတယ်။ တိုင်းက အမိန့်ချတဲ့အပေါ်မူတည်ပြီး စောင့်ဆိုင်းခဲ့ရတယ်။ ဒါကတော့ အထက်တရားရုံးတော်က အမြန်ဆုံးဆောင်ရွက်ပေးရင်တော့ အမှု ပိုမြန်ဆန်သွားမှာပေ့ါ။ အဲ့အနေအထားလေး ရှိပါတယ်။ ဘာပြန်လုပ်ရမလဲဆိုတော့ အောက်ရုံးကို သက်ဆိုင်ရာ ရုံးတစ်ရုံးရုံးကို ပြန်ရောက်သွားရင် ၊ မူလရုံးကိုပဲ ဖြစ်ဖြစ် ပြန်ရောက်သွားရင် ဥပဒေနဲ့အညီဆက်လက်ပြီးတော့ ထုချေရှင်းလင်းဖို့ တာဝန်ပဲ ရှိပါတယ်”လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက Duwun Media သို့ ပြောပါတယ်။
ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီဟာ ဒီနေ့(ဖေဖော်ဝါရီ၇ရက်)မှာ (၂၃)ကြိမ်မြောက် ရုံးချိန်းကို တက်ရောက်ခဲ့ပါတယ်။ အစ္စဏီအနေနဲ့ ထောင်ထဲမှာ နေရတဲ့ (၁၀)လနီးပါးလုံး စိတ်ဓာတ်မကျအောင် နေထိုင်နေရတယ်လို့ဆိုပါတယ်။
“ကျွန်တော် (၁၀) လထောင်ထဲမှာ နေရတာပေ့ါ။ တိုင်းကလည်း ပြန်မကျသေးဘူး။ အဲ့ဒါကြောင့် ကြာနေတာ။ ကျွန်တော် စိတ်ပိုင်းဆိုုင်ရာကို ဘုရားတရားနဲ့ စိတ်ဓာတ်မကျအောင် လုပ်နေရပါတယ်။ ကျွန်တော့်ပရိသတ်တွေအားလုံးလည်း ကျွန်တော်သတိရပါတယ်။ သီချင်းတွေလည်း အခွင့်အခါသင့်ရင် ဆိုချင်ပါသေးတယ်” လို့ ဒီနေ့(ဖေဖော်ဝါရီ၇ရက်)ရုံးချိန်းမှာ ပြောခဲ့ပါတယ်။
တိုင်းတရားရုံးကနေ အမိန့်မချသေးခင်အချိန်အထိ တာမွေတရားရုံးမှာ အစ္စဏီက စစ်ဆေးခံနေရတာဖြစ်ပြီး နောက်ထပ်ရုံးချိန်းကို ဖေဖော်ဝါရီ(၂၁) ရက်နေ့သို့ ချိန်းဆိုထားတာ ဖြစ်ပါတယ်။
ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ အဓမ္မပြုကျင်ပြီး ကိုယ်လက်နာကျင်အောင်ရိုက်နှက်ခဲ့လို့စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာပါ။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။