ယောကျ်ားနဲ့ မိန်းမမှာ မိန်းမတွေက အမြဲတိုင်း စိုးရိမ်ပူပန်နေရတာတွေနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ အလုပ်ကိစ္စအတွက် စိုးရိမ်တာ၊ ဆွေမျိုးသားချင်း မိသားစုအတွက် စိုးရိမ်တာ၊ တစ်ခုခုမှားသွားမှာ စိုးရိမ်တာ ၊ ချစ်သူအတွက် စိုးရိမ်တာ ၊ ကျရှုံးမှာ စိုးရိမ်တာ ၊ ဒီလို စိုးရိမ်မှုပေါင်းများစွာနဲ့ အမြဲ ပူလောင်နေတတ်ကြပါတယ်။ ယောကျာ်းလေး အများစုကတော့ စိုးရိမ်နေတာထက် တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက် ရင်ဆိုင်လိုက်ကြတာများပါတယ်။ ဒီလို စိုးရိမ်ပူပန်နေတာတွေဖြစ်နေတဲ့သူတွေဟာ ဦးနှောက်မှာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိလာပြီး စိတ်ကျရောဂါ ၊ အမျိုးအမည်ဖော်ပြရန်ခက်ခဲတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေ ၊ နာတာရှည်ခေါင်းကိုက်ရောဂါ အပါအဝင် အာရုံကြောနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အပြင် နှလုံးရောဂါ၊ ပျို့အန်ရောဂါ ၊ ဗိုက်အောင့်ရောဂါနဲ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
အမျိုးသမီးတွေဟာ ဘာ့ကြောင့် စိုးရိမ်ပူပန်မှုတွေများတတ်ကြတာလဲ၊ စိုးရိမ်မှုများလွန်းတဲ့အခါမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာနဲ့ ဒီလို စိုးရိမ်ပူပန်မှုများလွန်းနေတာတွေကို ဘယ်လို လျှော့ချသင့်သလဲဆိုတာကို စိတ်ပညာအကြံပေးဖြစ်တဲ့ ဒေါ်နန်းကြည်ပြာမော်က ခုလို ပြောပြပါတယ်။
"အမျိုးသမီးအများစုဟာ ဘာကြောင့်စိုးရိမ်စိတ်ပိုများရသလဲဆိုတော့ ခံစားမှုဆိုင်ရာ ဂရုစိုက်ခြင်းနဲ့ လုပ်ရတဲ့အလုပ်အများစု (ဥပမာ သူနာပြု၊ ဆရာမ ၊ အိမ်ထောင်ရှင်မ,…) စတာတွေမှာ အမျိုးသမီးတွေက နေရာယူ တာဝန်ယူလေ့ရှိတတ်ကြပါတယ်။ ဒီအခါမှာ ကိုယ်တိုင်အတွက်သာမကဘဲ ကိုယ်တာဝန်ယူလုပ်ဆောင်နေတဲ့အရာတွေအပေါ်မှာပါ ခံစားချက်ထားရှိနေကြသည်ဖြစ်တဲ့အတွက်စိုးရိမ်စိတ်ပိုများလာရခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အမျိုးသမီးများအတွက် လုံခြုံရေး Safety ပိုင်း (ညဖက်တစ်ယောက်ထဲအပြင်သွားခြင်း ၊ အမျိုးသမီးတစ်ယောက်ထဲ ခရီးသွားခြင်း,…) မှာလည်း တစ်ကိုယ်ရည်လုံခြုံမှုလိုအပ်နေသေးတာဖြစ်တဲ့အတွက် စိုးရိမ်စိတ်များနေရခြင်းဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အလိုအပ်ဆုံးဖြစ်တဲ့ Emotional Support စိတ်ခံစားမှုကိုထောက်ပံ့ပေးမှု အားနည်းနေခဲ့မယ်ဆိုရင် အမျိုးသမီးတွေဟာ နောက်ဆက်တွဲအနေနဲ့ Depression စိတ်ကျရောဂါတွေအပြင် Physical Health အနေနဲ့ နှလုံး သွေးတိုး ဆီးချို Cholesterol များခြင်း စတာတွေ ခံစားဖို့ ရာခိုင်နှုန်းများလာရပါတယ်။ ဒီအရာတွေကို မဖြစ်ခင်ကြိုတင်ကာကွယ်တားဆီးဖို့ဆိုရင် Emotional Support ရှာထားမှ ရပါမယ်။ Emotional Support ဆိုတာ ကိုယ့်မိသားစု အသိုင်းအဝိုင်း အဖွဲ့အစည်းတွေက ကိုယ့်ခံစားချက်အပေါ်အသိအမှတ်ပြုပြီး လက်ခံနားထောင်ပေးခြင်းကို ဆိုလိုပါတယ်။ ဒီလိုအရာတွေကို ကိုယ်တိုင်လက်ခံတည်ဆောက်ပြီး နားလည်မှုအပြန်အလှန်ယူထားမယ်ဆိုပါက နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကို ကြိုတင်ကာကွယ်တားဆီးရာရောက်ပါလိမ့်မယ် ရှာဖွေတည်ဆောက်ဖို့ခက်နေမယ်ဆိုရင် Counseling လို့ခေါ်တဲ့ နှစ်သိမ့်ဆွေးနွေးပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့လိုအပ်လာပါလိမ့်မယ်"
ဘယ်လိုအရာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချကြမလဲ ။
-အသက်ကို ပြင်းပြင်းရှုပါ
စိုးရိမ်စရာ ကိစ္စတွေကြောင့် အသက်ရှူနှုန်းတွေ မြန်လာတာ ၊ နှလုံးခုန်နှုန်းတွေ မြန်လာတာ ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ရင်တုန်လာပြီဆိုရင် ပထမဆုံး လုပ်ရမယ့် အလုပ်က အသက်ကို ပြင်းပြင်း ရှူလိုက်ဖို့ပါပဲ။ အသက်ရှူတာကို အာရုံထားပြီး ကိုယ့်စိတ်က အသက်ရှုချက်တွေဆီ တကယ်ရောက်နေပြီဆိုရင် ဖြေးဖြေးမှန်မှန် ဆက်လက်ရှူနေပါ။ ဒါက ပထမဆုံးအနေနဲ့ လုပ်ရမယ့်အရာပါ။
-ဖြစ်လာတဲ့ အခြေအနေတွေကို သုံးသပ်ပါ
အသက်ရှူတာ ပုံမှန်ပြန်ဖြစ်လာချိန်မှာတော့ ကိုယ်စိတ်ပူနေတဲ့ အကြောင်းချင်းရာကို သေချာစဉ်းစားသုံးသပ်ဖို့လိုပါတယ်။ ဘယ်လိုအချင်းရာကြောင့် ကိုယ်က စိတ်ပူနေသလဲဆိုတာကို ဆင်ခြင်ပါ။ တကယ် ကိုယ်စိုးရိမ်သလို ဖြစ်သွားမလားဆိုတဲ့ ဖြစ်နိုင်ခြေကိုပါ ကြိုစဉ်းစားဖို့ လိုပါတယ်။
-ဖြေရှင်းရမယ့် နည်းလမ်းရှာပါ
ကိုယ် စိုးရိမ်နေတဲ့ အကြောင်းအရာကို သေချာ စေ့စေ့စပ်စပ် တွေးကြည့်ပြီးပြီဆိုရင်တော့ ဖြေရှင်းဖို့ နည်းလမ်းကို ရှာရပါတော့မယ်။ တစ်ပြိုင်နက်တည်းမှာပဲ နည်းလမ်း နှစ်မျိုး သုံးမျိုး စဉ်းစားထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ အကြောင်းစုံသိရမယ့် အရာတွေဆိုရင်လည်း စောင့်ဆိုင်းမနေဘဲ ဖုန်းဆက် မေးမြန်းတာမျိုး လုပ်သင့်ပါတယ်။ ထိုင်ပြီး စိုးရိမ်ပူပန်နေတာထက်စာရင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်တာက ကိုယ့်ကို ပိုပြီး စိတ်သက်သာရာရစေပါတယ်။
-အဖြစ်မှန်ကို လက်ခံပါ
တချို့အရာတွေက ကိုယ်စိုးရိမ်နေလို့လည်း ပြီးမသွားပါဘူး။ သူ့ရဲ့ ဖြစ်စဉ်အတိုင်း ၊ ရလဒ်အတိုင်း သွားနေမှာပါပဲ။ ဒါ့ကြောင့် တွေးကြောက်ပြီး စိုးရိမ်ပူပန်နေမယ့်အစား အဖြစ်မှန်ကို လက်ခံပြီး ဖြေရှင်းဖို့ နည်းလမ်းရှာတာက အသင့်တော်ဆုံး နဲ့ အကောင်းဆုံး ရလဒ်ပါ။ ဒါ့ကြောင့် ဘယ်တော့မှ အဖြစ်မှန်ကို ရှောင်ပြေးပြီး လမ်းချော်ရင်း စိုးရိမ်ပူပန်နေတာတွေ ရပ်တန့်လိုက်ပါ။
ငြိမ်းပြည့်စုံဆိုတဲ့ ကောင်မလေးကလည်း သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်း ပြောပြပါတယ်။
"စိုးရိမ်ပူပန်မိတာ တွေကတော့အများကြီးပဲ....သတိထားမိတဲ့ပူပန်မှုမျိုးကတော့ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့အဆင်မပြေဖြစ်ရမှာကိုပါ။ နောက်တစ်ခုက သုံးစရာပျက်ခါနီးအခါမျိုးမှာမဖြစ်မနေသွားရမယ့် ပွဲမျိုးပေါ်လာတဲ့အခါမျိုးမှာ ဖြစ်တယ်။ စိုးရိမ်ပူပန်နေရင် လူက အိပ်မပျော်တော့ဘူး။စိတ်တွေရှုပ်လာတယ်။ ဖြေဖျောက်ဖို့အတွက်တော့ အရင်ဆုံး မဖြစ်နိုင်တာ ဖြစ်နိုင်တာကို စိတ်အေးအေးထားပြီး ခွဲခြားလိုက်တယ်။ ဖြစ်နိုင်တာတွေဘက်ကို ဦးစားပေးလိုက်ပြီး မဖြစ်နိုင်ဘူးထင်တဲ့အရာတွေအတွက်တော့ လက်လျှော့ဖို့ကြိုးစားလိုက်တယ်။ အချိန်တန်တော့လည်း ပြသနာတွေနဲ့ ပူပန်မှုတွေက သူ့အလိုလိုပြီးဆုံးသွားတာပါပဲဆိုတဲ့စိတ်နဲ့ပဲ ဖြေဖျောက်လိုက်တာပဲ။"
-ကိုယ့်ကိုယ်ကိုယ် ချစ်ပါ
အဆုံးသတ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှုကြောင့် ကိုယ့်ဆီမှာ စိတ်ကျရောဂါအပြင် တခြားရောဂါအမြောက်အမြား ပေါ်လာတာမျိုး အဖြစ်မခံပါနဲ့ ။ သာမန်စိုးရိမ်မှုကတော့ လူတိုင်းမှာ ရှိတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အထတစ်ခုဖြစ်ပေမယ့် စိုးရိမ်ပူပန်မှုတွေများနေမယ်ဆိုရင်တော့ အသက်တိုတတ်ပါတယ်။ ဒါ့ကြောင့် စိုးရိမ်ပူပန်မှုတွေကို ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ချစ်သောအားဖြင့် ဖြေလျှော့တဲ့ အကျင့်လေးရအောင် ကြိုးစားလေ့ကျင့်ယူဖို့လိုအပ်ပါတယ်။