ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့ အသက် (၆၅) နှစ်အရွယ်နဲ့ (၈၂) နှစ်အရွယ် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့စက်တင်ဘာ (၈) ရက် ည (၈) နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အသက် (၆၅) နှစ်အရွယ် ပိုးတွေ့လူနာအမှတ် ၁၆၂၉ ဟာ မော်လမြိုင်၊ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက်ပျက်စီးပြီး စက်တင်ဘာလ (၇) ရက်နေ့ နေ့လယ် ၁၂ နာရီခွဲမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါသေဆုံးလူနာဟာ စက်တင်ဘာလ (၄) ရက်က ရန်ကုန်ကနေပြန်လာခဲ့ပြီး လူနာအမှတ် ၁၁၄၄ နဲ့ ထိတွေ့ထားသူတစ်ဦးဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဒု-ဦးစီးမှူး (စီမံ) ဒေါက်တာ ဝတ်မှုံက Duwun ကိုပြောပါတယ်။လူနာဟာ ရန်ကုန်ကနေပြန်လာပြီးတဲ့နောက် ဖျားနာလို့ ပုဂ္ဂလိကဆေးခန်းကြီးနဲ့ ကိုယ်ပိုင်ဆေးခန်းတစ်ခုတို့မှာ ပြသနေခဲ့ပြီး စက်တင်ဘာ (၇) ရက် နေ့လယ် ၁၂ နာရီလောက်မှာ သံသယလူနာ အဖြစ်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကိုရောက်လာခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေး ဒု-ဦးစီးမှုး (စီမံ) ဒေါက်တာ ဝတ်မှုံက ဆိုပါတယ်။ “ ဆေးရုံကိုရောက်ပြီး မိနစ် (၂၀) အကြာမှာဆုံးသွားပါတယ်။ သူက အခြေအနေဆိုးမှ လာတာ။ သူပြောတဲ့ပုံစံအရ ပထမဆေးခန်းတစ်ခုကို နှစ်ရက်လောက်ပြတယ်။ နောက်ဆေးခန်းတစ်ခုမှာလည်း မနက်ပိုင်းပြပြီးမသက်သာတော့ ဆေးရုံကို ရောက်လာတာပေါ့။ ဆေးရုံကို ရောက်လာတဲ့အချိန်မှာ ဆေးထိုးရင်း၊ပြုစုကုသရင်းနဲ့ပဲ ဆုံးသွားတာပါ။ ကိုဗစ်သံသယလည်းရှိတော့ ဆုံးခါနီး swab ယူလိုက်ပြီး သေဆုံးပြီးမှ ပိုးတွေ့တဲ့သဘောဖြစ်သွားတာပေါ့”လို့ ဒေါက်တာဝတ်မှုံကဆိုပါတယ်။
လူနာဆေးရုံကို ရောက်ရောက်ချင်းမှာ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း (၆) ဦးခန့်ကိုတော့ ဆေးရုံမှာ အသွားအလာကန့်သတ်လိုက်ပြီး လူနာမှာပိုးတွေ့တယ်လို့ အဖြေထွက်ပြီးတဲ့နောက် နောက်ထပ် ကျန်းမာရေးဝန်ထမ်း (၅) ဦးခန့်ကို ဆေးရုံမှာ အသွားအလာကန့်သတ်ကာ လူနာနဲ့ ထိတွေ့သူ ကျန်းမာရေးဝန်ထမ်း (၁၁) ဦးခန့်ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် လူနာနဲ့ ထိတွေ့သူ မိသားစုဝင် ၄ ဦးကိုတော့ မနေ့ကတည်းက မော်လမြိုင်က ကွာရန်တင်းစင်တာကိုပို့ဆောင်လိုက်ပြီး လူနာ သွားပြခဲ့တဲ့ ပုဂ္ဂလိကဆေးခန်းကိုလည်းယာယီပိတ်ထားပြီး ဆေးခန်းဝန်ထမ်းတွေနဲ့ ကိုယ်ပိုင်ဆေးခန်းက ဆရာဝန်တို့ကိုလည်း အသွားအလာကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာမှာ တက်ရောက်ကုသနေတဲ့ ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့ ကိုဗစ်ပိုးတွေ့လူနာတစ်ဦးလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက်ပျက်စီးပြီး သေဆုံးခဲ့ပါတယ်။အသက် (၈၂) နှစ်အရွယ် အမျိုးသမီးဖြစ်တဲ့ လူနာအမှတ် ၁၄၈၅ ဟာ ဒီနေ့ စက်တင်ဘာ (၈) ရက်မှာပဲ ရန်ကုန်ဆေးရုံကနေ ဖောင်ကြီးကုသရေးစင်တာကို ရောက်လာပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ ဆုံးပါးသွားခဲ့တာဖြစ်တယ်လို့လည်း ဖောင်ကြီးကုသရေးစင်တာရဲ့ ဆေးရုံအုပ်ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။“ သူက ဒီနေ့မနက်မှာပဲ ရန်ကုန်ဆေးရုံကြီးကနေ ဖောင်ကြီးကိုလွှဲလိုက်တဲ့လူနာပါ။ ရန်ကုန်ဆေးရုံကြီးမှာကတည်းက အသည်းအသန်လူနာဖြစ်နေတာပါ။ ဒီနေ့မနက်ရောက်ပြီး ၃ နာရီလောက်မှာ ဆုံးသွားတာပါ” လို့ ဒေါက်တာကိုကိုနိုင်က ဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဟာ ၁၀ ဦးအထိ ရှိလာပြီး ရန်ကုန်တိုင်းက ၈ ဦး၊ပဲခူးတိုင်းက တစ်ဦးနဲ့ မွန်ပြည်နယ်က တစ်ဦးတို့ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ သိရပါတယ်။