ဗိုင်းရပ်စ်ကူးစက်ခံရပြိးနောက် သီးသန့်နေထိုင်ခဲ့ရကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူခဲ့ရပြီးနောက် အာဂျင်တီးနားတိုက်စစ်မှူးအခြေအနေက ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးဒီဘာလာက လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ပြီး ဗိုင်းရပ်စ်လက္ခဏာတွေပျောက်ကင်းသွားပြီလို့ ပြောဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြိးနောက် သီးသန့်နေထိုင်ခဲ့ရကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူခဲ့ရပြီးနောက် အာဂျင်တီးနားတိုက်စစ်မှူးအခြေအနေက ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၁ရက်နေ့မှာ ဒီဘာလာနဲ့ သူ့ရဲ့ချစ်သူတို့ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒီနောက်မှာ လိုအပ်တာတွေကို ပြုလုပ်ခဲ့ရပြီး ကစားသမားက ရောဂါဝေဒနာခံစားခဲ့ရပုံတွေကို အသင်းရဲ့ တွစ်တာအကောင့်ကတဆင့် ပြောပြခဲ့ပြီး မကြာခင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မယ်လို့ ပြောသွားခဲ့ပါတယ်။
"ကျွန်တော်နေထိုင်ကောင်းနေပါပြီ၊ ဗိုင်းရပ်စ်ကူးစက်ခံရထားရတဲ့ လက္ခဏာတွေကို ပြင်းပြင်းထန်ထန်တွေ့ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ပြန်လည်ကောင်းမွန်လာပါပြီ၊ ဒီနေ့ဆိုရင် ပိုပြီးတော့ နေရထိုင်ရကောင်းမွန်နေပါတယ်၊ လက္ခဏာတွေလည်း ဘာမှမရှိတော့ ပါဘူး၊ ပိုပြီးတော့ကောင်းမွန်တဲ့ ရွေ့လျားမှုတွေကိုလည်းလုပ်နိုင်ခဲ့ပါပြီ"
"ကျွန်တော်လေ့ကျင့်ခန်းပြန်ဆင်းဖို့ ကြိုးစားသွားတော့မှာပါ၊ ရောဂါလက္ခဏာတွေပြင်းထန်တဲ့အချိန်မှာ မသက်မသာခံစားခဲ့ရပြီး ဘာကိုမှမလုပ်နိုင်ခဲ့ပါဘူး၊ ငါးမိနစ်လောက်ကြာပြီးချိန်မှာ ခန္ဓာကိုယ်က လေးလံလာပြီးတော့ ကြွက်သားတွေက နာကျင်လာခဲ့လို့ ကျွန်တော် ပြုမူလှုပ်ရှားဖို့ကြိုးစားတာတွေကို ရပ်တန့်ခဲ့ရပါတယ်၊ ကံကောင်းစွာနဲ့ပဲ အခုတော့ ကျွန်တော်ရော၊ ကျွန်တော့်ချစ်သူပါ အခြေအနေကောင်းမွန်လာခဲ့ပါပြီ" လို့ ဒီဘာလာက ပြောဆိုသွားခဲ့ပါတယ်။
ဒီဘာလာကတော့ ဂျူဗင်တပ်စ်အသင်းမှာ အသင်းဖော်ရူဂါနီ၊ မာတွီဒီတို့ပြီးရင် တတိယမြောက်ကူုးစက်ခံခဲ့ရတဲ့ ကစားသမားဖြစ်ခဲ့သူပါ။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ရှစ်သောင်းခြောက်ထောင်ကျော်ကူးစက်ခံခဲ့ရပြီး တစ်သောင်းနီးပါးအထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။