လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေထဲမှာ အရေးပေါ်အခြေအနေနဲ့ ကုသပေးနေရတဲ့ ကိုဗစ်လူနာ အယောက် ၃၀ လောက် ရှိနေပြီလို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကို ပြောပါတယ်။
ဒါ့အပြင် လက်ရှိရောဂါဖြစ်ပွားသူတွေထဲမှာ အသက် ၆၀ နဲ့အထက်ရောဂါအခံရှိတဲ့ ကိုဗစ်ပိုးတွေ့လူနာကလည်း အယောက် ၁၆၀ လောက်ရှိနေပြီး ကျောက်ကပ် ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံး ရောဂါ စတဲ့ ရောဂါအခံရှိသူတွေ၊ ဆီးချို၊ သွေးတိုး ရောဂါရှိသူတွေ၊ အရေပြားလေးဖက်နာရောဂါရှိသူတွေဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရင် တစ်ခြားသူတွေထက်ပိုပြီး ဆိုးဆိုးရွားရွားခံစားရကာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။
ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်သံသယလူနာများကို ကုသပေးနေစဉ်
“ မနေ့ကအထိ(စက်တင်ဘာ ၉) ရက်နေ့အထိဆိုရင် အရေးပေါ်ခန်းထဲမှာ ကုသနေတဲ့သူ ၁၇ ယောက်ရှိတယ်။ နှစ်ယောက်ကတော့ နောက်တစ်နေ့မနက် သေဆုံးစာရင်းထဲပါလာတယ်။ အခုအရေးပေါ်ခန်းထဲမှာရှိနေတဲ့ ၁၅ ယောက်ကတော့ ဝေဘာဂီဆေးရုံမှာ ၇ ယောက်၊ တောင်ဥက္ကလာပဆေးရုံမှာ ၈ ယောက် ဖြစ်ပါတယ်။ ပြင်းထန်လို့ အောက်ဆီဂျင်ပေးနေရတဲ့လူနာက ၁၅ ယောက်ရှိပါတယ်။ ဒါကြောင့်ပြည်သူလူထုအနေနဲ့ အခုအခြေအနေကိုနားလည်ပြီး ဂရုစိုက်ဖို့လိုပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကူးစက်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စတင်ဖြစ်ပွားစဉ်ကာလတုန်းက ပြည်ပကပြန်လာသူတွေမှာ အများဆုံးတွေ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သြဂုတ်လ ၁၆ ရက်နောက်ပိုင်းကစလို ပြည်တွင်းကူးစက်မှုတွေမှာ ရောဂါဖြစ်ပွားသူ ပိုတိုးလာပြီးတော့ လက်ရှိအချိန်မှာ နိုင်ငံရဲ့ ရောဂါကူးစက်မှုမှာ ၈၅ ရာခိုင်နှုန်းက ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေပြီလို့ လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။
“ အရင်ကဆို ပြည်ပကပြန်လာသူတွေမှာပဲ ပိုးအများဆုံးတွေ့ရတယ်ပေါ့နော်။အခုတော့ အချိုးက ပြောင်းပြန်လှန်လိုက်သလိုပါပဲ။ အရင်က ငါးလနီးပါးမှာ ပိုးတွေ့ရသူက ၃၀၀ ကျော်လောက်ပဲ ရှိတယ်။ အခုတော့ ၂၄ ရက်နဲ့တင် ကူးစက်မှုက လေးဆလောက်တက်လာတယ်။ ဒါ့အပြင် သေဆုံးတဲ့ ပိုးတွေ့လူနာ ၈ ယောက်ကလည်း တစ်ပတ်အတွင်း သေဆုံးတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆို မြန်မာနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုက ၈၇ ရာခိုင်နှုန်းလောက် တက်လာတယ်လို့ သေချာဖော်ပြထားပါတယ်။ ဒါဟာပေါ့ဆလို့မရတော့ဘူး။ ”လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီအထိ ပိုးကူးစက်ခံရသူ ၁,၈၉၁ အထိ ရှိလာခဲ့ပြီး တစ်လနီးပါးအတွင်းထောင်နဲ့ချီမြင့်တက်လာတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဒါ့အပြင် သေဆုံးသူကလည်း စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၁၀ ရက် တစ်ပတ်အတွင်း ၈ ဦးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။