ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုရာကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ထိန်းချုပ်ရေးလုပ်ငန်းတွေကို သုံးလေးပတ်အတွင်း ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နိုင်ရင် ရောဂါပြန့်ပွားရေးအတွက် စိတ်သက်သာရာရနိုင်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ အခုသုံးလေးပတ်အတွင်း ရောဂါကာကွယ်ရေးစည်းကမ်းတွေကို အတိအကျလိုက်နာဖို့ လိုအပ်တယ်လို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ်တွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
“ ထိန်းချုပ်လို့ရနိုင်အောင် နိုင်ငံတော်အနေနဲ့ ဘယ်လောက်ရုန်းကန်ခဲ့ရလဲဆိုတာ တချို့က သဘောမပေါက်ဘူး။ အစိုးရကို ဦးဆောင်နေတဲ့သူတွေက အသိဆုံးပဲ။ ကျွန်မတို့ သြဂုတ်လဆန်းအထိ အစိုးရရော ကျန်းမာရေးဝန်ထမ်းတွေရော ရုန်းကန်ခဲ့ရတယ်။ အခု ရခိုင်မှာလည်း နောက်သုံးလေးပတ်အတွင်း ပိုင်ပိုင်နိုင်နိုင်ကိုင်နိုင်တယ်ဆိုရင် ကိုဗစ်ရောဂါပြန့်ပွားမှုအတွက် အများကြီး စိတ်သက်သာရာ ရလာလိမ့်မယ်။ အကျိုးဆက်တွေကတော့ ရှိမှာပေါ့။ ဒါပေမယ့် ကျွန်မတို့ ထိန်းချုပ်နိုင်သွားမယ်။ အဲဒီအခြေအနေရောက်အောင်လည်းအများကြီးကြိုးစားတယ်။ “ လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ ရခိုင်ပြည်နယ်တွင်း ကွာရန်တင်းစင်တာတွေက ပြည်သူတွေကို ထောက်ပံ့ဖို့ အတွက် ငွေကြေးလိုအပ်ချက်တွေ ရှိနေပြီး လက်ရှိမှာ ရခိုင်ပြည်နယ် ကိုဗစ်ကုသကာကွယ်ရေးအတွက် ရံပုံငွေ ၈၅.၅ သန်းလျာထားပြီး အရေးပေါ်ရံပုံငွေ ၁ ဘီလီယံကိုလည်း တောင်းခံထားပြီး ခွင့်ပြုပေးစေလိုတယ်လို့ အတိုင်ပင်ခံကို တင်ပြခဲ့ပါတယ်။
ဓာတ်ပုံ- ဒီနေ့ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု။
အဲဒီနောက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ရိက္ခာမပြတ်စေဖို ပြည်ထောင်စုအစိုးရအနေနဲ့ အာမခံကြောင်း၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရခိုင်ပြည်ကို ရိက္ခာတွေ ပံ့ပိုးပေးမှာဖြစ်သလို တတ်နိုင်သမျှ ငွေရေးကြေးရေးထောက်ပံ့မှုတွေ လုပ်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကုသရေးအတွက် ရရှိလာတဲ့ အလှူငွေတွေကိုလည်း ကိုဗစ်-၁၉ ဗဟိုကော်မတီကို မပို့ဘဲ ပြည်နယ်တွင်းမှာ အရေးပေါ် အဖြစ် သုံးစွဲလိုတယ်လို့ တင်ပြရာမှာလည်း အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ပြန်လည် ပြောခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ်အတွင်းက ကွာရန်တင်းစင်တာတွေမှာ လိုအပ်တဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေ အချိန်မီရောက်ဖို့၊ အကာအကွယ်ပစ္စည်းတွေ အရည်အသွေးပြည့်မီဖို့၊ သောက်သုံးရေရရှိမှု နည်းပါးတာတွေကို ဖြည့်ဆည်းပေးဖို့ ရခိုင်ပြည်နယ်တွင်းကွာရန်တင်းစင်တာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ စောသော်မိုးအယ်က နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြတောင်းဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။