မြို့ကြီးတွေအပြင် နယ်စပ်မြို့တွေက ဆေးရုံတွေမှာလည်း အသင့်ပြင်ထား

ရောဂါကူးစက်လာရင် အဆင့်သင့်ကုသနိုင်ဖို့ ရန်ကုန်၊မန္တလေး၊ နေပြည်တော် က ဆေးရုံတွေမှာအပြင် နယ်စပ်ဝင်ထွက်ပေါက်တွေက မူဆယ်၊ လားရှိုး၊ မြစ်ကြီးနား၊ကျိုင်းတုံမြို့တို့က ပြည်သူ့ဆေးရုံကြီးတွေမှာ ကြိုတင်ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photo- MHS

COVID-19 လူနာ (၄) (၅) ဦး တစ်ချိန်တည်းစုပြုပြီး ဆေးရုံရောက်လာပါက ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ကြိုတင်စဉ်းစားပြီး အသင့်ပြင်ဆင်ထားဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားထားပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ခရီးသည်တွေကို နယ်စပ်ဝင်ပေါက်နဲ့ လေဆိပ်တွေမှာ စောင့်ကြပ်ကြည့်ရှုစဉ်က ရောဂါလက္ခဏာ မပြပေမယ့် သူတို့နေထိုင်သွားလာတဲ့ အချက်အလက်တွေကို မှတ်တမ်းရယူထားပြီး ရောဂါဖြစ်ပွားမှု ရှိ၊မရှိ ဆက်လက်စောင့်ကြည့်ရမယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားပါတယ်။

နိုင်ငံတကာ ဝင်ပေါက် ထွက်ပေါက်တွေ ဖြစ်တဲ့ ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်၊နေပြည်တော်လေဆိပ်၊ မူဆယ်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊တမူးအပါအဝင် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်းနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဘယ်အချိန်မှာမဆို ဒီရောဂါဟာ လူအများအကြား ကပ်ရောဂါအသွင် ကူးစက်ဖြစ်ပွားနိုင်တာကြောင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးတို့ကို ပထမဦးစားပေးအရေးပေါ်ကိစ္စ အဖြစ် အထူးဂရုပြုဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါတယ်။

 မြန်မာနိုင်ငံမှာ အခုအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရသေးပေမယ့် ရောဂါပျိုးချိန်အတွင်း လက္ခဏာ မပြသေးသူတွေ ရှိနိုင်တယ်ဆိုတာကို သတိပြု ဆောင်ရွက်ရမယ်လို့လည်း သိရပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေက လာရောက်တဲ့ သံသယလက္ခဏာရှိသူတွေ တွေ့ရှိရင် နီးစပ်ကျန်းမာရေးဌာနကို ချက်ချင်းအသိပေးအကြောင်းကြားဖို့၊ ဟိုတယ်၊ တည်းခိုခန်းဝန်ထမ်းတွေကလည်း သံသယရှိသူတွေ့ရှိပါက မဆိုင်းမတွဘဲ နီးစပ်ရာကျန်းမာရေးဌာနကို ချက်ချင်းအသိပေးအကြောင်းကြားရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

လက်ရှိကာလအတွင်းမှာ မိမိတို့နိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံ သွားတာကို တတ်နိုင်သမျှလျှော့ချဖို့၊ ဖြစ်နိုင်ရင် မသွားဖို့ အတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့ကိုလာရောက်ခဲ့တဲ့ ကိုရီးယားအမျိုးသမီးတစ်ဦးမှာ ကိုရီးယားနိုင်ငံ ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 အတည်ပြုလူနာအဖြစ် စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီကိုရီးယားအမျိုးသမီး ရန်ကုန်လာရောက်စဉ်က အနီးကပ်ထိတွေ့ခဲ့သူ (၇) နဲ့ သူတို့ရဲ့ မိသားစုဝင် (၁၅) ဦးတို့ကို နေအိမ်မှာ အသွားအလာတားမြစ်ကန့်သတ်တာတွေ ပြုလုပ်ထားပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ချက်ချင်းသတင်းပေးဖို့ ညွှန်ကြားထားပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ လူနာ (၄၀) ဦးကို ဓာတ်ခွဲအတည်ပြုစစ်ဆေးရာမှာ ရောဂါမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ရောဂါအတည်ပြုလူနာမတွေ့ရှိရသေးဘူးလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က