မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်ဟာ အိုလီဂန်းနားဆိုးလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့အကြောင်းကို ဆွေးနွေးနေစဉ်မှာ ဒီလစ်ရဲ့အပြောင်းအရွှေ့ကိစ္စကို ပြောကြားခဲ့ပါတယ်။
ဘာဘာတော့ဗ်ဟာ အေဂျက်ကြယ်ပွင့် ဒီလစ်ကို မန်ချက်စတာယူနိုက်တက်မှာ ကစားတာမြင်တွေ့လိုကြောင်း ပြောကြားခဲ့ပြီး နည်းပြသစ် အိုလီဂန်းနားဆိုးလ်ရှားကိုလည်း ခက်ခဲတဲ့အလုပ်တွေက အခုအချိန်မှ စတင်မှာဖြစ်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ယမန်နေ့က ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ၂၀၁၉-၂၀၂၀ ရာသီအတွက် ခေါ်ယူဖို့ အကြံပြုထားတဲ့ကစားသမားတွေကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချို၊ ရီးရဲမက်ဒရစ်နောက်ခံကစားသမား ဗာရာနီနဲ့ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူလိုနေတာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက နည်းပြမော်ရင်ဟိုဟာ ဟယ်ရီမက်ဂွိုင်းယားနဲ့ အယ်ဒါဝီလ်တို့ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ရာသီတွေမှာ ယူနိုက်တက်အသင်းက ငွေကြေးတွေအများကြီးသုံးစွဲခဲ့တယ်။ အဲဒီတော့ သူတို့အနေနဲ့ လိုအပ်တာက ဘာလဲဆိုတာ ဂရုုတစိုက်စဉ်းစားပြီး ဉာဏ်ပညာရှိရှိနဲ့ ရွေးချယ်ရမှာပါ”
“တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊လူကာကူ၊ လင်ဂတ်တို့နဲ့ လိုအပ်တာအားလုံးပြည့်စုံနေပါပြီ။ ဒါပေမယ့် သူတို့တွေ နေရာ ၂ နေရာကို အာရုံစိုက်ဖို့လိုနေပြီး ဗဟိုခံစစ်နဲ့ ပေါ့ဂ်ဘာကို တိုက်စစ်ဧရိယာမှာလွတ်လွတ်လပ်လပ် ကစားနိုင်စေမယ့် ကွင်းလယ်ကစားသမားတွေလိုအပ်မယ်လို့ ထင်ပါတယ်”
“အိုးထရက်ဖို့ဒ်မှာ ကျွန်တော်မြင်ချင်တဲ့ကစားသမားက အေဂျက်နောက်ခံကစားသမား ဒီလစ်ပါ။ သူ့နောက်ကို ဥရောပက အသင်းကြီးတိုင်းက လိုက်နေကြတယ်ဆိုတာ သိပေမယ့်လည်း သူ့ကို အိုးထရက်ဖို့ဒ်မှာ ရှိနေစေချင်ပါတယ်။ ရီးရဲမက်ဒရစ်နဲ့ပွဲတုန်းက သူကစားတာ ကျွန်တော်စောင့်ကြည့်ခဲ့ပြီး သူက တကယ်ကိုခေါ်ယူသင့်တဲ့ကစားသမားပါ။ သူ့အရွယ်လောက်ကစားသမားတစ်ယောက်အတွက် အရမ်း ယုံကြည်မှုရှိပြီး သံယယဖြစ်စရာမလိုတဲ့ကစားသမားပါ”လို့ Betfair ကို ပြောကြားခဲ့ပါတယ်။