မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ငွေကြေးအများအပြားသုံးစွဲဖို့ရှိနေပါတယ်။ မန်ယူအသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့အတွင်းပစ်မှတ်ထားစောင့်ကြည့်နေတဲ့ ကစားသမား သုံးဦးစာရင်းကို The Mirror ကဖော်ပြလိုက်ပါတယ်။
ဝမ်ဘီဆာကာ (ခရစ္စတယ်ပဲလေ့စ်)
အသက် ၂၁နှစ်အရွယ်နောက်ခံလူဟာ နည်းပြ ရွိုင်းဟော့ဆန်ရဲ့ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ဥရောပကလပ်အသင်းတွေအလိုအရှိဆုံးကစားသမားဖြစ်တဲ့ ဝမ်ဘီဆာကာရဲ့ပြောင်းရွှေ့ကြေးက အနိမ့်ဆုံး ပေါင်သန်း ၄၀ဝန်းကျင်လောက်ရှိနိုင်ပါတယ်။ အသက် ၃၀ကျော်ဖြစ်နေတဲ့ ဗလင်စီယာနဲ့အက်ရှ်လေယန်းတို့နေရာအစားထိုးဖို့အတွက် ဝမ်ဘီဆာကာက မန်ယူရဲ့အဓိကပစ်မှတ်ပါ။
ခါလီဒူခူလီဘာလီ (နာပိုလီ)
ခူလီဘာလီကို မော်ရင်ဟိုရှိစဉ်ကာလကတည်းက မန်ယူက အသည်းအသန်အလိုရှိနေခဲ့တာပါ။ ဒါပေမယ့် နာပိုလီအသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးလောက်အထိ တောင်းဆိုခဲ့တာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ ဆီနီဂေါနောက်ခံလူအတွက် မန်ယူက ကနဦးပြောင်းရွှေ့ကြေးပေါင် ၇၆သန်းနဲ့ ကမ်းလှမ်းဖို့ရှိနေပါတယ်။
ရာကီတစ် (ဘာစီလိုနာ)
ဘာစီလိုနာကွင်းလယ်ကစားသမား ရာကီတစ်ဟာ ဒီရာသီကုန်မှာ အင်တာမီလန်ကိုပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ အသက် ၃၀အရွယ် ခရိုအေးရှားလက်ရွေးစင်ကို မန်ယူက လက်ရှိအချိန်မှာစောင့်ကြည့်နေပါတယ်။ ဒါပေမယ့် မန်ယူအနေနဲ့ ရာကီတစ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ ခေါ်ယူဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။