နောင်တရမိတယ်တဲ့။

နှစ်ဆန်း(၁)ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့တဲ့ သရုပ်ဆောင် ဘုန်းလျှံပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

photo : ဘုန်းလျှံ

မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်(၇)နှစ် ကျခံပြီးနောက်မှာ အချုပ်က ပြန်လည်‌လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင် ဘုန်းလျှံဟာ ထောင်က ပြန်ထွက်လာတဲ့အချိန်မှာ မိခင်ကို မတွေ့ရတာကြောင့် အရမ်းကို ခံစားရတယ်လို့ ဆိုပါတယ်။ ထောင်ကပြန်ထွက်လာတဲ့အချိန်မှာ မိသားစု စုံစုံလင်လင်နဲ့နေချင်ခဲ့ပေမယ့် အခုချိန်မှာ အမေက မရှိတော့ဘူး ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့် ပြောပြခဲ့ပါတယ်။

“ပြန်ထွက်လာတဲ့အချိန်မှာ သတိရတာက အမေ့ကို သတိရတာ အမေ့က ၂၀၁၈ တုန်းက ဆုံးသွားခဲ့တယ်။ အမေဆုံးသွားတော့ လိုက်လည်းမပို့နိုင်ခဲ့ဘူးနောင်တတော့ ရမိတာပေါ့ ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ပေါ့ ပြန်ထွက်လာတဲ့ အချိန်မှာ မိသားစု စုံစုံလင်လင်နဲ့ တွေ့ချင်မြင်ချင်တာ။ဒါပေမယ့်လည်း အခုလိုဖြစ်သွားတော့ ကျွန်တော့်ရဲ့ ကုသိုလ်ကံပေါ့ ကိုယ်လုပ်ခဲ့လို့ ပြစ်ဒဏ်ကို ကိုယ်ပေးဆပ်ပြီး ထွက်လာတာပါ၊ မဖြစ်နိုင်တဲ့အရာတွေကိုလည်း ကျွန်တော်မတမ်းတတော့ပါဘူး အကောင်းဆုံးဖြစ်အာင် နေသွားမယ်” လို့ Duwun ကိုပြောပါတယ်။

photo : ဘုန်းလျှံ

လက်ရှိဖခင်နဲ့အတူနေထိုင်နေပြီး သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ ဆက်လုပ်နိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ဆိုပါတယ်။

“ အဖေကတော့ ကျွန်တော့်ကိုမေးတယ်။ဘာလုပ်ချင်လဲပေါ။ကျွန်တော်က ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုပဲ ဆက်လုပ်သွားဖို့ ရွေးချယ်ခဲ့တယ်။ပြန်ကြိုးစားမယ်။ ပရိသတ်တွေလည်း ကျွန်တော့်ကို အားပေးပါဦးလို့ ပြောချင်တယ်” ဆိုပြီး သူက ဆက်လက်ပြောပြခဲ့ပါတယ်။


ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂)နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။

ဘုန်းလျှံဟာ ဗီဒီယိုဇာတ်ကားများစွာမှာ ဇာတ်ပို့မင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

 

 

 

 

Share

က္က