နီတာကတော့ Facility Quarantine ဝင်နေရတဲ့ ဖောင်ကြီးကနေ ဒီနေ့ ( မေလ ၂၁ ရက်)မှာ အိမ်ကို ပြန်ရပြီလို့ ဆိုပါတယ်။
Photo: Nay Bala
အဆိုတော် နီတာကတော့ ဖောင်ကြီးမှာ Facility Quarantine နှစ်ပတ်တိတိ ဝင်ခဲ့ပြီးလို့ ဒီနေ့( မေလ ၂၁ ) ရက်နေ့မှာ အိမ်ပြန်ရပြီလို့ ဆိုပါတယ်။ သူ့ရဲ့ သမီးလေးတွေကိုလည်း အရမ်းလွမ်းနေတဲ့ အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။
" ဒီနေ့တော့ ကျွန်တော့် အမေအိမ်ကို ပြန်မယ်။ အမေ့အိမ်ဖြစ်တဲ့ (၁၀) မိုင်မှာ တစ်ပတ် Quarantine ဝင်ရမယ်။ သားသမီးတွေဆီကို လာမယ့် ၂၈ ရက်နေ့ သွေး သွားလှူပြီးမှပဲ တွေ့ရမှာပါ။ သမီးလေးတွေကို အရမ်းလွမ်းတယ်၊ အရမ်းသတိရတယ်။ အငယ်မလေးဆိုရင် အခု အရမ်းကပ်တဲ့ကလေးဆိုတော့ အခါတိုင်း Video Call ခေါ်လိုက်ရင် ဖုန်းကို နမ်းနေတာ။ အခုကျတော့ အဖေကို သူက ဘယ်သွားနေတာလဲ ခဏခဏ မေးနေရော၊ အစ်ကိုက မလာသေးတာမျိုးဖြစ်နေတော့ မနေ့က Video Call ခေါ်တာ စိတ်ဆိုးပြီး စကားမပြောဘူး။ မကြည့်ဘူး။ ကလေးလေး ဆိုတော့လည်း စိတ်ကောက်နေတာပေ့ါနော်" လို့ သူကဆိုပါတယ်။
Photo: Ni Tar
နီတာဟာ မေလ (၂၅) ရက်နေ့မနက် (၁၀) နာရီ အိမ်ကို ပြန်တဲ့ အခါမှာ သမီးနှစ်ယောက်ကို အနမ်းတွေ ပေးရင်း ဖတ်ထားချင်တယ်လို့လည်း သူက ပြောပါတယ်။ သမီးလေးတွေ အရမ်းကြိုက်တဲ့ အစားအစာတွေကို လိုက်ဝယ်ကျွေးချင်တယ်လို့ သူက ဆိုပါတယ်။
" ကလေးတွေဆီ ပြန်ရတဲ့အခါကျရင် စတွေ့တာနဲ့ ကလေးတွေကို နမ်းချင်တယ်။ သမီးတွေကိုလည်း လွမ်းနေပြီဆိုတော့ သူတို့တွေကို ဖက်ထားချင်တယ်။ အဖေကိုလည်း သူတို့ တော်တော် လွမ်းနေကြပြီ။ သူတို့ ကြိုက်တာလေးတွေကို သူတို့ စိတ်ကျေနပ်အောင် လိုက်ကျွေးမယ်။ သမီး နှစ်ယောက်စလုံးက ကြေးအို နဲ့ ဟော့ပေါ့ အရမ်းကြိုက်တာ။ ကြေးအိုး အရင်လိုက်ကျွေးမယ်။ အပြင်သွားလို့ရရင် သူတို့ကို ဟော့ပေါ့လိုက်ကျွေးမယ်။ သူတို့ အနားမှာ ပျော်ပျော်ပါးပါးနေသွားမယ် လို့ စဉ်းစားထားပါတယ်" ဆိုပါတယ်။
Photo: Ni Tar
နီတာဟာ Quarantine ဝင်နေတဲ့အချိန်မှာ မိသားစုနဲ့ ၁ လခွဲ ၊ ၂ လ ဝေးနေခဲ့ရတယ်လို့ ပြောပါတယ်။ Quarantine ဝင်နေရတဲ့ အချိန်မှာ မိသားစုကို သတိရတဲ့ စိတ်နဲ့ သူ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။
" မိသားစုနဲ့ နွေးနွေးထွေးထွေး နေချင်တာပေါ့နော်။ ဒါပေမယ့်လည်း အခြေအနေက ဒီရောဂါပိုးကလည်း မထင်မှတ်ပဲ ဖြစ်လာတဲ့အပေါ်မှာ ဆေးကုသမှုခံယူတဲ့အချိန်က တစ်လခွဲ ၊ နှစ်လ လောက် ဖြစ်သွားတဲ့အချိန်ကျတော့ သူတို့ကတော့ အရမ်းသတိရတယ်။ အစ်ကို ကိုယ်တိုင်ကလည်း အရမ်းသတိရတယ်။ အဓိက က မိသားစုဆိုတာ ငွေရှိခြင်း မရှိခြင်းဆိုတာထက် ပျော်စရာကောင်းတယ်၊ နွေးထွေးတဲ့ မိသားစုကို အစ်ကို မက်မောတယ်။ ငွေနောက်ကို တအားလိုက်ပြီး မိသားစုကို အချိန်မပေးနိုင်တာမျိုးက မပြည့်စုံဘူးလို့ အစ်ကို ခံစားရတယ်။ ထိုက်သင့်သလောက် အဆင်ပြေအောင်ကြိုးစားမယ်။ ခရီးတွေသွားရင်၊ ပွဲတွေသွားရင် မိသားစုလိုက် နွေးနွေးထွေးထွေး သွားတာ လာတာကို အစ်ကို ပိုသဘောကျတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Ni Tar
အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ စောင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး Positive အဖြေထွက်လာချိန်မှာတော့ ဝေဘာဂီဆေးရုံကြီးကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ကနေ မေလ ၂၁ ရက်နေ့အထိ ဖောင်ကြီးမှာ Facility Quarantine ၂ပတ်တိတိ ဝင်ခဲ့ရတာဖြစ်ပါတယ်။ မေလ (၂၁) ရက်နေ့က စပြီး Home Quarantine ဆက်နေရဦးမယ်လို့လည်း သိရပါတယ်။ အခုတော့ ကျန်းမာရေးလည်း သိသိသာသာပြန်လည် ကောင်းမွန်လာခဲ့ပြီလို့လည်း သူက ပြောပါတယ်။
Share