အသက် ၂၃ နှစ်အရွယ် အမျိုးသမီးရဲ့ကားဟာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ချောက်ကမ်းပါးတစ်ခုကနေ ထိုးကျသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ချောက်ကမ်းပါးတစ်ခုကနေ မော်တော်ကားထိုးကျသွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အန်ဂျလာကိုတွေ့ရှိခဲ့သည့် ချောက်ကမ်းပါး အောက်ဘက်နေရာ (Photo: CGTN)



အန်ဂျလာ ဟာနန်ဒက်ဇ် အမည်ရှိတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးရဲ့ SUV ကားဟာ ကယ်လီဖိုးနီးယားပြည်နယ် Big Sur ဒေသရှိ ချောက်ကမ်းပါးတစ်ခုကနေ ထိုးကျသွားခဲ့တာဖြစ်ပါတယ်။ တောင်တက်သမားတွေက သူမကို သောကြာနေ့ (ဇူလိုင် ၁၃ ရက်) မှာ တွေ့ရှိခဲ့ကြပါတယ်။

ရှာဖွေတွေ့ရှိစဉ် အန်ဂျလာရဲ့ကားဟာ အမြင့်ပေ ၂၀၀ ရှိတဲ့ ချောက်ကမ်းပါးအောက်ခြေ ရေထဲမှာ တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေခဲ့ကြောင်း သိရပါတယ်။ အန်ဂျလာဟာ သတိရှိနေပေမဲ့ လက်မောင်းဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

အန်ဂျလာကို သူမရဲ့ SUV ကားနဲ့အတူ တွေ့ရစဉ် (Photo: San Mateo County S.O)



ကယ်လီဖိုးနီးယား ကမ်းရိုးတန်းရှိ Highway 1 လမ်းမမှာ ကားမောင်းလာစဉ် တိရိစ္ဆာန်တစ်ကောင်ကို မတိုက်မိစေရန် ရှောင်ရှားလိုက်ရာမှ ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း အန်ဂျလာက စုံစမ်းစစ်ဆေးရေးမှူးတွေကို ပြောခဲ့ပါတယ်။ အန်ဂျလာက မတော်တဆမှုဖြစ်ပြီးနောက် သူမရဲ့ ကားရေတိုင်ကီမှ ရေပိုက်ကိုအသုံးပြုပြီး အနီးအနားရှိ စမ်းချောင်းငယ်တစ်ခုမှ ရေကိုရယူသောက်သုံးကာ အသက်ဆက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အန်ဂျလာက အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့ရှိ သူမရဲ့နေအိမ်ကနေ လော့စ်အိန်ဂျလိစ်ရှိ ညီအစ်မတော်စပ်သူထံ အလည်အပတ်သွားရောက်နေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အန်ဂျလာကိုတွေ့ရှိပြီး ကယ်ဆယ်ရန် ဆောင်ရွက်နေစဉ် (Photo: CGTN)



ချောက်ကမ်းပါကနေ မော်တော်ကားထိုးကျခဲ့ပြီး ယခုလို အသက်ရှင်ခဲ့မှုဟာ ကံကောင်းလှတယ်လို့ Monterey County ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်သွန်းဘာ့ဂ်က ပြောပါတယ်။

"ဒီလို ချောက်ကမ်းပါးကနေ ထိုးကျသွားရင် ထိခိုက်ဒဏ်ရာကြောင့် ဒါမှမဟုတ် အောက်ဖက်မှာရှိနေတဲ့ ရေထဲနစ်မြုပ်တာကြောင့် သေဆုံးလေ့ရှိကြပါတယ်၊ သူမက ဒီလိုမျိုး ဖြစ်ရပ်နှစ်ခုလုံးကနေ ကံကောင်းစွာလွတ်မြောက်ပြီး အသက်ရှင်ခဲ့ပါတယ်" လို့ ၎င်းကဆိုပါတယ်။

ချောက်ကမ်းပါကနေ ထိုးကျခဲ့ပြီးနောက် ကံကောင်းစွာ အသက်ရှင်ခဲ့တဲ့ အန်ဂျလာဟာ ပုံမှန်နာလန်ပြန်ထူရန် အချိန်ယူရမယ်လို့ သူမနဲ့ ညီအစ်မဖြစ်သူ အစ္စဘယ်က Facebook မှာ ရေးသားထားကြောင် သိရပါတယ်။

Share

Loading Next Article...
က္က