မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်အသင်းကို သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အဝတ်လဲခန်းအတွင်း ကစားသမားတွေကို ဒေါသတကြီး စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အသင်းရဲ့စွမ်းဆောင်ရည်ဟာ ဟာသတစ်ခုလို့ ပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီကွင်းမှာ ဒန်နီရယ်ဂျိမ်းစ်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဗက်စ်တာဂတ်ရဲ့ ခေါင်းတိုက်ချေပဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ၇၃ မိနစ်မှာ ဒန်ဆိုကို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့သွားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ယင်းအခြေအနေကို အခွင့်ကောင်းမယူနိုင်ခဲ့တာဖြစ်ပါတယ်။
The Sun ရဲ့ဖော်ပြချက်အရ နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းဒေါသထွက်ခဲ့တယ်လို့ သိရပြီး ပွဲအပြီးမှာ ၎င်းရဲ့ဒေါသကို အဝတ်လဲခန်းအတွင်း ကစားသမားတွေသိအောင် ပေါက်ကွဲပြခဲ့တယ်လို့ သိရပါတယ်။
နည်းပြဆိုးလ်ရှားဟာ ကစားသမားတွေအနေနဲ့ ရရှိလာတဲ့အခွင့်အရေးကို အဆုံးသတ်နိုင်စွမ်းမရှိတာကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကစားသမားတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အရှက်ရဖွယ်ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ ၎င်းတို့အတွက်ပဲ ကစားခဲ့ကြတာ ပိုများတယ်လို့ ဆိုးလ်ရှားက စွပ်စွဲခဲ့ပြီး အခြေခံအချက်တွေကို လစ်လျူရှုခဲ့တယ်လို့ ယုံကြည်နေခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ အဝတ်လဲခန်းအတွင်း ဒေါသတကြီးပြောဆိုမှုအတွင်း ကစားသမားတစ်ဦးချင်းစီ နာမည်တပ်ပြောခဲ့ခြင်းမရှိပေမယ့် ကစားသမားအချို့ဟာ ထိုက်သင့်တဲ့အားထုတ်မှုမရှိခဲ့ဘဲ ကျန်တဲ့အသင်းဖော်တွေကိုပါ စိတ်ပျက်စေခဲ့တယ်လို့ ခံစားခဲ့ရကြောင်း ရှင်းရှင်းလင်းလင်းသိအောင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။