ဒီနေ့ည (၉း၃၀)နာရီမှာ ယှဉ်ပြိုင်ကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ် ပွဲထွက်ပါဝင်လာမယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ လူစားလဲပါဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့အတွက် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ ဆိုးလ်ရှားက ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။
90 Min ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာဟာ သက်သာပျောက်ကင်းသွားပြီလို့ သိရပါတယ်။ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ (၉)ပွဲမှာ (၆)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်ကစားသမားလည်း ဖြစ်ပြီး အရေးကြီးပွဲစဉ်တွေမှာ အသင်းအတွက် ပုံမှန်ကစားခွင့် ရရှိနေခဲ့သူ ဖြစ်ပါတယ်။
"အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ လိုအပ်နေပါတယ်၊ အဝေးကွင်းပွဲတွေမှာ အသင်းရဲ့ ကစားပုံက ချီးကျူးဖို့ကောင်းနေခဲ့ပါတယ်၊ ဒါပေမယ့် အိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး (ပီအက်စ်ဂျီ နဲ့ လီဗာပူးလ်)၊ လူကာကူ၊ ဆန်းချက်ဇ် နဲ့ ရက်ရှ်ဖို့ဒ်တို့ ဘယ်သူပဲ ဝင်ကစားကစား အကောင်းဆုံးကစားနိုင်ကြပါတယ်၊ အခွင့်အရေးရတာနဲ့ သူတို့ ဂိုးသွင်းနိုင်ကြပါတယ်" လို့ ဆိုးလ်ရှားက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
"အခုဆိုရင် ရက်ရှ်ဖို့ဒ်က လုံးဝကြံ့ခိုင်နေပါပြီ၊ ဆောက်သမ်တန်နဲ့ပွဲမှာ သူ ပါဝင်လာပါလိမ့်မယ်၊ပဲလေ့နဲ့ ပွဲက လူစာရင်းကို သိပ်အပြောင်းအလဲလုပ်သွားမှာ မဟုတ်ပါဘူး၊ ဒဏ်ရာရကစားသမားတွေရဲ့ အခြေအနေကို နောက်ဆုံးအချိန်ထိ စောင့်ကြည့်သွားမှာဖြစ်ပြီး ဘယ်လိုအရဲစွန့်မှုမျိုးကိုမှ လုပ်သွားမှာမဟုတ်ပါဘူး၊ အသင်းလူစာရင်းမှာ အကယ်ဒမီက ကစားသမား သုံးပုံတစ်ပုံလောက်လည်း ပါဝင်လာနိုင်ပါတယ်" လို့ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။
ဆိုးလ်ရှားလက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်း (၈)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဆိုးလ်ရှားအတွက်လည်း စံချိန်သစ်တစ်ခု တင်ရှိနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းပွဲတွေမှာတော့ ယူနိုက်တက်ဟာ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး သရေပွဲတွေများပြားခဲ့သလို အနိုင်ရခဲ့တဲ့ပွဲတွေမှာလည်း ရလဒ်ပြတ်သားမှုမရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။