ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ကိုထွန်းမြင့်ဝင်းဟာ အိုးဘိုထောင်အတွင်းအချုပ်ကျနေစဉ် နှစ်ကြီးသမား မြတ်ကိုဦးရဲ့ ထိုးကြိတ်ရိုက်နှက်ချက်တွေကြောင့် လည်ပင်းကရရှိခဲ့တဲ့ဒဏ်ရာက ဦးနှောက်အမြှေးပါးအောက်သွေးသွန်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။ 

ကျောက်မီးသွေးဘိလပ်မြေစက်ရုံဝင်း အတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုကာ အိုးဘိုထောင်အတွင်းအချုပ်ချခံထားရစဉ် သေဆုံးခဲ့တဲ့ အောင်သပြေရွာသားကိုထွန်းမြင့်ဝင်းသေဆုံးမှုဟာ နှစ်ကြီးသမားရဲ့ရိုက်နှက်ချက်ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ကိုထွန်းမြင့်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ သြဂုတ်လ(၂၄)ရက်နေ့ကမန္တလေးမှာ ပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က အခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ တရားခံထွန်းမြင့်ဝင်း အကျဉ်းထောင်ထဲမှာ သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းတွေ၊လူမှုကွန်ရက်တွေမှာ ထင်မြင်ချက်တွေကို ရေးသားပြောဆိုနေကြတယ်။တချို့ကကျတော့ ကိုထွန်းမြင့်ဝင်းသေဆုံးမှုက အကျဉ်းထောင်ထဲမှာ အကျဉ်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့်ဆိုပြီး ရေးထားတာတွေ့ရသလို၊ တချို့က ရဲကနှိပ်စက်လို့သေဆုံးတာဆိုပြီးပြောကြတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ ကစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ရာမှာ ကိုထွန်းမြင့်ဝင်းသေဆုံးမှုက နှစ်ကြီးသမားရဲ့ရိုက်နှက်ချက်ကြောင့်သေဆုံးခဲ့တာလို့ပေါ်ပေါက်ခဲ့တယ်။ ရိုက်နှက်ခဲ့တဲ့ နှစ်ကြီးသမားတရားခံမြတ်ကိုဦးကလည်း ဒီဖြစ်စဉ်မှာ သူကိုယ်တိုင်ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့တယ်” လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်က မီဒီယာတွေကိုပြောပါတယ်။

ကိုထွန်းမြင့်ဝင်းဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက အိုဘိုထောင်အတွင်းအချုပ်ကျနေစဉ်သေဆုံးခဲ့တာပါ။ သေဆုံးခဲ့စဉ်က ကိုထွန်းမြင့်ဝင်းခန္ဓာကိုယ်မှာ ဒဏ်ရာတွေတွေ့ရှိရတာကြောင့် မိသားစုဝင်တွေက အမှုမှန်ပေါ်ပေါက်ဖို့ကိုတောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

ကိုထွန်းမြင့်ဝင်းသေဆုံးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာတွေကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာမှာ နှစ်ကြီးသမားက ဒုတ်နဲ့ရိုက်တာ၊ လက်သီးနဲ့ထိုးကြိတ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ စစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့တဲ့အတိုင်း ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ နှစ်ကြီးသမား မြတ်ကိုဦးကိုလည်း လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး တရားစွဲဆိုဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က