နိုင်ငံတော် အတိုင်ပင်ခံက ဒီကနေ့ လူမှုကွန်ရက် စကားဝိုင်းမှာ ‌ပြေသွားတာပါ။

ဧပြီလ ၁၃ရက်နံနက်ပိုင်းကလုပ်ခဲ့တဲ့ လူမှုကွန်ရက် စကားဝိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံက ဆိုင်ကယ်ကယ်ရီ သမားတွေ၊သုံးဘီး တက္ကစီသမားတွေလည်း စားနပ်ရိက္ခာထောက်ပံ့မှု ရရှိနိုင်ဖို့ ကြိုးပမ်း ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

လှိုင်သာယာမှာ အခြေခံလူတန်းစားတွေကို စားနပ်ရိက္ခာထောက်ပံ့ရာမှာ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်အရ အနှေးယာဉ်လုပ်သားတွေသာ ပါဝင်ပြီး မပါဝင်လာတဲ့ ဆိုင်ကယ် ကယ်ရီတွေ၊ သုံးဘီးတက္ကစီသမားတွေကိုလည်း ထောက်ပံ့ပေးစေလိုကြောင့် လှိုင်သာယာက ကိုယ်စားပြု ဆွေးနွေးသူက တင်ပြတောင်းဆိုခဲ့တာပါ။



တောင်းဆိုမှုအပေါ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က - “ အမေတို့ကြည့်ပေးပါမယ်၊ ချက်ချင်း တော့ အဖြေမပေးချင်သေးဘူး၊တစ်ခုခု အောင်မြင်အောင်လုပ်နိုင်မှပဲ ပြောချင်တယ်၊အဲ့တော့ အခြေအနေဘယ်လို ရှိမလဲ ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စဉ်းစားရမယ်လေ၊လှိုင်သာယာမှာပဲ ရှိသလား၊ အခြားဘယ်လိုနေရာတွေမှာ ရှိသေးလဲဆိုတာ ကြည့်ဖို့လိုပါတယ်။ဘယ်သူ့ကိုမှတော့ ပစ်မထားပါဘူး။တတ်နိုင်သမျှတော့ စောင့်ရှောက်မှာပါ။” လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

ပုံ-စားနပ်ရိက္ခာ‌ထောက်ပံ့မှုမှာ ပါဝင်တဲ့ အနှေးယာဥ်လုပ်သားများ

လှိုင်သာယာမှာ အခြေခံလူတန်းစား အိမ်ထောင်စုစာရင်း ကောက်ခံထားမှုအရ ဦးရေ ၆သိန်း၈သောင်းကျော်ရှိပြီး ဆိုင်ကယ် ကယ်ရီတွေ၊ သုံးဘီးတက္ကစီသမားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လှိုင်သာယာမြို့နယ် ဒု-အုပ်ချုပ် ရေးမှူး ဦးချစ်ကိုကိုလင်းကို Duwun ကဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“ကယ်ရီတွေကလည်း ဆိုင်ကားတွေနည်းတူ ခရီးသည်ရှိမှ ဆွဲရတာလေ၊အခုတော့ ဘယ်သူမှ မထွက်တော့ သူတို့ လည်း မဆွဲရတော့ဘူးပေါ့။ဆိုင်ကယ်ကယ်ရီတွေ၊သုံးဘီးတက္ကစီတွေကိုတော့ ကျွန်တော်တို့က စားနပ်ရိက္ခာ ထောက်ပံ့တဲ့စာရင်းထဲ မပါဘူး။အနှေးယာဉ်လုပ်သားတွေတော့ပါတယ်။ဆိုင်ကယ်ကယ်ရီတွေ၊သုံးဘီးတက္ကစီတွေ ဆွဲတဲ့သူတွေမှာ တချို့ကလည်း အငှားဆွဲရတာရှိတယ်။ တချို့ကတော့ ကိုယ်ပိုင်ပေါ့၊အငှားဆွဲတဲ့သူတွေဆိုရင် အခု ချိန်က အနှေးယာဉ်လုပ်သားတွေလိုပဲ ဝင်ငွေလုံးဝမရှိတော့တဲ့သူတွေ ရှိပါတယ်။”လို့ ဦးချစ်ကိုကိုလင်းက ပြောပါ တယ်။

နိုင်ငံတော်က သင်္ကြန်ကာလမှာ အခြေခံလူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ဆန်၊ဆီ၊ ဆား၊ပဲ၊ကြက်သွန် (၅)မျိုးကို ထောက်ပံ့ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က