ပုံမှန်အသားအရေပိုင်ရှင်တွေတောင် အသားခြောက်တတ်တဲ့ ဆောင်းတွင်းရာသီဟာ ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက်တော့ စိတ်ဒုက္ခရောက်ချင်စရာပါပဲ။ ဆောင်းရာသီမှာ ခြောက်သွေ့အသားအရေပိုင်ရှင်တွေလည်း ကိုယ့်ရဲ့ အလှတရားအတွက် စိတ်မညစ်ရလေအောင် ဆောင်းတွင်း အလှအပဆိုင်ရာ လိုက်နာစရာနည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါတယ်။
Skin Care လုပ်ဖို့ မပျင်းပါနဲ့
ဒီရာသီမှာ ပုံမှန်အသားအရေပိုင်ရှင်တွေတောင် Skin Care ကို ဖိလုပ်နေရတာဖြစ်တဲ့အတွက် ခြောက်သွေ့အသားအရေပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အသားအရေကို ဂရုစိုက်ဖို့ အပျင်းကြီးနေလို့မရပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ Skin Care အမျိုးအစား…အထူးသဖြင့် ရေဓာတ်များတာမျိုး ၊ Moisture များတာမျိုးကို ရွေးချယ် အသုံးပြုဖို့ လိုအပ်ပါတယ်။
Alcohol Free ကိုသာ ရွေးချယ်အသုံးပြုပါ
ဆောင်းတွင်းလိုရာသီမှာ အထူးသဖြင့် ခြောက်သွေ့အသားအရေပိုင်ရှင်တွေအနေနဲ့ Skin Care တွေ ၊ မိတ်ကပ်ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ Alcohol မပါဝင်တာတွေကို သတိထားပြီး ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ Toner ဝယ်ယူတဲ့အခါမှာလည်း ကိုယ့်ရွေးချယ်ဝယ်ယူထားတဲ့ Toner က Alcohol ပါဝင်မှုရှိမရှိ သေချာစစ်ဆေးပါ။
Moisture ကို မဖြစ်မနေ လိမ်းပါ
ခြောက်သွေ့အသားအရေပိုင်ရှင်တွေအနေနဲ့ Moisture ကို မဖြစ်မနေလိမ်းဖို့ လိုပါတယ်။ တချို့ကရှိပါတယ်။ Serum တွေ လိမ်းပြီးပြီမို့ အပေါ်ကနေ Moisture ထပ် မလိမ်းတော့တာမျိုးတွေ လုပ်တတ်ပါတယ်။ Serum က Serum ပါ။ Serum လိမ်းပြီးလည်း Moisture ကို ထပ်လိမ်းဖို့ လိုကို လိုအပ်ပါတယ်။
ခြောက်သွေ့အသားအရေပိုင်ရှင် မနဒီမင်းကလည်း သူ့ရဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖြစ်ပုံအကြောင်း Duwun ကို ခုလိုပြောပါတယ်။
“ဒီးကနဂိုထဲကအသားခြောက်တဲ့ထဲပါတယ်။ ပုံမှန်ကတော့ တစ်နေ့အနည်းဆုံးအသီးတစ်မျိုးတော့ ရအောင် စားဖြစ်တယ်။ ရေကိုသတိထားပြီးများများသောက်ဖြစ်တယ်။ Lotion လိမ်းပြီးတဲ့အပြင် bio oil လေးခပ်ပါးပါးထပ်လိမ်းဖြစ်တယ်။ မိတ်ကပ်မလိမ်းခင်လည်း အောက်ခံအနေနဲ့bio oil လိမ်းဖြစ်တယ်။ Scrub ကကောင်းပေမယ့် အသားခြောက်တဲ့သူတွေနဲ့သိပ်အဆင်မပြေဘူးတွေးလို့ Body wash ဝယ်ရင် moistureများများပါတာမျိုးလေး ရွေးဝယ်ဖြစ်တယ်။ ညအိပ်ခါနီးဆိုရင် Aloe Vera gel လေး လက်တွေရော ခြေထောက်တွေရောလိမ်းအိပ်တယ်။ အသားအရေခြောက်မှန်းသိသာတဲ့ တံတောင်ဆစ်တို့၊ ဒူးခေါင်းတွေနဲ့ ခြေဖမိုးတွေကိုတော့ ဆီလိမ်းကြည့်တယ်။ သံလွင်ဆီကတော့ကောင်းပေမယ့် အနံ့မကြိုက်တဲ့သူတွေအတွက်တော့ အဆင်မပြေလှဘူး။ Vaseline ကတော့ ဝယ်ရလည်း လွယ်တယ်။ စျေးလည်း တန်တာမို့ အဆင်ပြေတယ်။ အပြင်ထွက်တာများတဲ့ရက်တွေဆိုရင် ရှားစောင်းလက်ပတ်ကိုခွဲပြီး အထဲက gel လိုလေးတွေကိုလိမ်းထားလိုက်တယ်။ ပြီးမှဆေးချပြီးပြီး Lotion တစ်မျိုးမျိုးလိမ်းအိပ်တယ်။”
မိတ်ကပ်အမျိုးအစားဝယ်ယူမှုသတိပြုပါ
ဆောင်းတွင်းမှာ သာမန်အသားအရေပိုင်ရှင်တွေတောင် Matt Type ကို မရွေးချယ်သင့်ဘူးဆိုတဲ့အတွက် ခြောက်သွေ့အသားအရေပိုင်ရှင်တွေကတော့ ဆိုဖွယ်ရာမရှိတော့ဘူးလို့ပဲ ပြောပါရစေ။ မိတ်ကပ်ရွေးချယ်တဲ့နေရာမှာ Moisture ပါဝင်တဲ့ မိတ်ကပ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ Matt Type တွေ ၊ Moisture နည်းတဲ့ မိတ်ကပ်အမျိုးအစားတွေဟာ ခြောက်သွေ့အသားအရေပိုင်ရှင်တွေကို မလိုအပ်ဘဲ အိုမင်းသွားစေနိုင်ပါတယ်။
Facial Oil သုံးပေးပါ
ကိုယ့်ရဲ့ မျက်နှာ နဲ့ အသားအရေတွေဟာ ခါတိုင်းထက် ပိုမိုခြောက်သွေ့နေတယ်လို့ ခံစားရတယ်ဆိုရင် အလှဆီ တစ်မျိုးမျိုး သုံးပေးဖို့ လိုအပ်ပါတယ်။ အလှဆီတွေကတော့ အမျိုးအစားအလိုက် အများကြီးရှိနေတာဖြစ်တဲ့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ အမျိုးအစား ၊ ကိုယ်နှစ်သက်တဲ့ အနံ့ ၊ ကိုယ်တတ်နိုင်တဲ့ ေစျးနှုန်းနဲ့ အလွယ်တကူ ဝယ်ယူလို့ရတာကြောင့် ကိုယ့်ရဲ့ အသားအရေအလှအပအတွက် အလှဆီတစ်မျိုးမျိုး ဝယ်ယူပြီး ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Cosmetologist တစ်ယောက်အနေနဲ့ ရပ်တည်အောင်မြင်နေပြီး ကိုယ်ပိုင်အမှတ်တံဆိပ်အလှကုန်တွေ ထုတ်လုပ်ဖြန်ချီနေတဲ့ မဗစ်တိုးရီးယားဟန်းနီဝင်းကလည်း အသားခြောက်တဲ့သူတွေအတွက် အကြံပေးစကားကို Duwun က တစ်ဆင့် ခုလိုပြောပြပါတယ်။
“ယေဘုယျအားဖြင့် Dry Skin ရှိတဲ့သူက Skin Care အဆင့်ဆင့်မှာ Toner ကို Alcohol Free Astringents မပါတဲ့ Toner လေး သုံးပေးရမယ်။ ပြီးရင်တော့ Serum ကို အသားထဲမှာ စိမ့်ဝင်အောင် လိမ်းပြီးလို့ရှိရင် အပေါ်ကနေ Cream တစ်ထပ် ထပ်ရတယ်။ ဒီဆောင်းတွင်းမှာဆိုရင် gel Type Moisture တို့ Lotion Type တို့ကို မလိမ်းဘဲနဲ့ Cream ကို အဓိကထားလိမ်းရမယ်။ Foundation ဆိုရင်လည်း Illuminating Foundation တို့၊ Balanced Satin Foundation တို့ သုံးပေးသင့်တယ်၊ Matt Finish ကို လုံးဝမသုံးရဘူး။ Matt က ဆောင်းတွင်းမှာ သုံးရင် အသားအရေကို ပိုတွန့်စေတယ်။ aging ဖြစ်စေတာပေါ့။ မလိုအပ်တဲ့ အရေးအကြောင်းတွေက စောစောစီးစီးဖြစ်လာတာပေါ့။ တကယ်လို့ ကိုယ်က တစ်ကွက်ကလေးပဲ ယားပြီးတော့ တစ်ကွက်လေးပဲ ခြောက်နေတယ်ဆိုရင် အဲဒီတစ်ကွက်ကို hydrocortisone cream ကို အဲဒီအကွက်လေးပေါ်မှာပဲ လိမ်းပေးလို့ရတယ်။ ဆောင်းတွင်းမှာတော့ Cream Type ကို ပိုပြီး အဓိကထားသုံးသင့်တယ်။ intensive care ပေါ့။ အဲဒါမှလည်း ကိုယ့်မျက်နှာက ရေဓာတ်ကို အပြည့်အဝရမယ်။ တစ်ချိန်တည်းမှာပဲ Treat လုပ်သွားတာပေါ့။ မျက်နှာကို အရေးအကြောင်းဖြစ်စေမယ့်ဒဏ်တွေ ၊ environmental damage တွေ ကနေ ဖြစ်လာမယ့်ဆိုးကျိုးတွေကို ကာကွယ်ပေးတာပေါ့။ အသားအရေခြောက်တယ်လို့ ခံစားရရင် အစ်မကတော့ Facial Oil တွေကို grape seed oil 100% ဒါမှမဟုတ် avocado oil တွေကို သုံးဖြစ်တယ်။ နောက်တစ်ခုက ဆောင်းတွင်းမို့ SPF မလိမ်းဘဲနေလို့မရပါဘူး ။ နေမပြင်းဘူး၊ ဆောင်းတွင်းအေးနေတယ်ဆိုပြီး SPF ကို မလိမ်းလို့မရပါဘူး။ လိမ်းကို လိမ်းရပါမယ်။”
ဒီအချက်အလက်တွေနဲ့ဆို ခြောက်သွေ့အသားအရေပိုင်ရှင်တွေလည်း ဆောင်းရာသီမှာ အလှပိုနိုင်ပြီမို့ ကိုယ့်ရဲ့ အလှတရားကို ရာသီမရွေး ဝင့်ကြွားနေနိုင်ပါပြီ။
အမျိုးသမီးတိုင်း အလှတရားကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ။
Share