အနုပညာရှင် ဖြူဖြူထွေးနဲ့အတူ ပြီးခဲ့တဲ့ တစ်လကျော်က ထီအတူထိုးခဲ့ရာ တစ်သိန်းခွဲဆုပေါက်ပြီးနောက် နောက်တစ်ကြိမ် ထီဆုကြီးပေါက်ရင် ဘုရားတည်မယ်လို့ အဓိဌာန်ပြုထားရာမှ အခုလမှာ သိန်း ၂၀၀ ပေါက်လာလို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ်လို့ ဇင်မာဝမ်းက DuwunSportsကို ပြောလာတာပါ။
လက်ရှိ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ လက်ထောက်နည်းပြ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ဇင်မာဝမ်းကတော့ အောင်ဘာလေ သိန်း ၂၀၀ ဆုကို ဒီလအတွက် ဆွတ်ခူးနိုင်ခဲ့ပါ တယ်။
“ကျွန်တော် မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့ဖက်မုခ်နားက ရတနာသိန်းထိုက်အောင် ထီဆိုင်မှာထိုးထားတာ အဲ့ဒါ မနက်ကမှ ထီဆိုင်က ဖုန်းဆက်လို့ ကျွန်တော်က မနောက်ပါနဲ့လို့တောင် ပြောသေးတာ၊ သူက မဟုတ်ဖူး တကယ်ပေါက်တာ ပြောမှ ထီပေါက်တယ်ဆိုတာ သေချာတာပါ။” လို့ ဇင်မာဝမ်းက Duwun Sports ကို ပြောခဲ့ပါတယ်။
အခုလို ထီပေါက်ခဲ့တဲ့အတွက် သူရည်မှန်းထားတဲ့ ဘုရားတည်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပြီး အနုပညာရှင် ဖြူဖြူထွေးရဲ့ ဇာတိရွာဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်စိပ်ကျဉ်းအုပ်စုုရှိ မြေနီကုန်းကျေးရွာမှာ ဘုရားတည်သွားမယ်လို့လည်း သိရပါတယ်။
၂၀၁၉ ခုနှစ်ဟာ ဇင်မာဝမ်းအတွက်တော့ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အိန္ဒိယနိုင်ငံက ဖိတ်ခေါ်ကျင်းပတဲ့ လေးနိုင်ငံဖိတ်ခေါ်ဖလား Hero Gold Cup မှာ ချန်ပီယံ ရွှေဆု ဆွတ်ခူးခဲ့သလို၊ ၂၀၂၀ ဂျပန်အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်ကိုလည်း တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကနေ့မှာ ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် ဇင်မာဝမ်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ နီပေါအသင်းနဲ့ ကစားရပါမယ်။ ဇင်မာဝမ်းကတော့ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။