ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီး ထောနော်ရေတံခွန်မှာ သြဂုတ်လ ၉ ရက်နေ့က ရေသွားကူးရင်း ပျောက်ဆုံးသွားတဲ့ ဆယ်တန်းအောင် ကျောင်းသားကို နှစ်ရက်အကြာမှာ သေဆုံးလျှက် ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
မောင်ချစ်ဝင်းထွန်း (ခ) ဖိုးခွားဆိုသူဟာ ဆယ်တန်းအောင်စာရင်းထုတ်ပြန်တဲ့ သြဂုတ်လ (၉) ရက်နေ့တုန်းက ဆယ်တန်းအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ရေသွားကူးရင်းက အန္တရာယ်ရှိတယ်လို့ သတ်မှတ်နေရာကို ကျော်လွန်ပြီး ရေစီးနဲ့ မျောပါသွားရာကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့
အဲဒီနောက် အလောင်းကို ကယ်ဆယ်နိုင်ဖို့ လူမှုကူညီရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားရှာခဲ့ကြပေမယ့် ရေစီးသန်ပြီး အန္တရာယ်ရှိတဲ့အခြေအနေတွေကြောင့် ရှာဖွေရေးတွေ ရပ်ဆိုင်းခဲ့ရတယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုထိုက်က Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့ နှစ်ရက်တိတိရှာဖွေကယ်ဆယ်ရေးေတွေလုပ်တယ်။ ဒါပေမယ့် ရေစီးကတအားသန်နေတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေမှု လုပ်ဖို့ အခက်အခဲဖြစ်ခဲ့တယ်။ အဲဒါနဲ့ ဒီနေ့ နေ့လယ်မှာပဲ အလောင်းက ပြန်ပေါ်လာတယ်။ အလောင်းကို ပြန်ထုတ်ဖို့ ရေကဝဲနေတော့ တော်တော်လေး ထုတ်ခဲ့ရတယ်” လို့ ကိုထိုက်က ဆိုပါတယ်။
ဒီကနေ့ သြဂုတ်လ ၁၁ ရက်က နေ့လယ် ၁၂ နာရီခွဲမှာတော့ သေဆုံးနေတဲ့ကျောင်းသားရဲ့ အလောင်းကို ထောနော်ရေတံခွန်မှာပဲ ပြန်လည်တွေ့ရှိခဲ့ပြီး ခက်ခက်ခဲခဲ ပြန်လည်ဆယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။ သေဆုံးသူ မောင်ချစ်ဝင်းထွန်း (ခ) ဖိုးခွားဟာ အသက် (၁၈) နှစ်အရွယ်ရှိပြီး ဆယ်တန်းစာမေးပွဲကို သုံးကြိမ်တိတိဝင်ရောက်ဖြေဆိုပြီး အခုနှစ်မှာမှ အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။