လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားပေးခဲ့ပြီး ကလပ်အသင်းအများအပြားကိုလည်း နည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးတဲ့ ဆောင်းနက်စ်ကို ဘယ်သူလဲဆိုတာ သူမသိဘူးလို့ ပေါ့ဂ်ဘာက ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါ့ဂ်ဘာဟာ သူ့အပေါ်ဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့ ဂရေမီဆောင်းနက်စ်ကို ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားပေးခဲ့ပြီး ကလပ်အသင်းအများအပြားကိုလည်း နည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးတဲ့ ဆောင်းနက်စ်ကို ဘယ်သူလဲဆိုတာ သူမသိဘူးလို့ ပေါ့ဂ်ဘာက ပြောဆိုခဲ့တာဖြစ်ပါတယ်။
Sky Sports နဲ့ The Times တို့မှာလည်း ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဆောင်းနက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းမပြနိုင်ခဲ့သလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ပေါ့ဂ်ဘာကို အစဉ်တစိုက်ဝေဖန်နေခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ကစားပုံကို ပန်းခြံထဲမှာ ကလေးတွေပြေးလွှားနေတဲ့ပုံနဲ့ ဆောင်းနက်စ်က ခိုင်းနှိုင်းဝေဖန်ခဲ့ဖူးပါတယ်။
ပေါ့ဂ်ဘာက "ဆောင်းနက်စ်ဆိုတာ ဘယ်သူလဲ၊ ကျွန်တော်မသိဘူး၊ သူက ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့တော့ ကျွန်တော်ကြားဖူးပါတယ်၊ လူချင်းမတွေ့ဖူးပေမယ့် နာမည်တော့ ကျွန်တော်ကြားဖူးပါတယ်၊ ကျွန်တော်ဘောလုံးပွဲတွေအများကြီးကို စောင့်ကြည့်ခဲ့ပေမယ့် သူတို့ဘာကြောင့် ဒီလိုလုပ်တယ်၊ ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာမျိုးကို ပွဲပြီးတိုင်းမှာ ပြောမနေခဲ့ပါဘူး"
"ကျွန်တော်က ဘောလုံးတစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်ရတာကို နှစ်သက်ပါတယ်၊ ပွဲတစ်ပွဲပြီးသွားခဲ့ပြီးနောက် အဲဒီပွဲကို ကျွန်တော်နောက်တစ်ကြိမ်ပြန်ကြည့်တဲ့ အချိန်မှာ ဘယ်လိုမှတ်ချက်မှလည်း မပြုလုပ်ပါဘူး၊ ဘောလုံးအကြောင်းကို ခင်ဗျားသိနေတယ်ဆိုရင် ဘာတွေဖြစ်နေတယ်ဆိုတာကို တစ်ယောက်ယောက်ကို ပြောပြဖို့ မလိုအပ်ပါဘူး" လို့ ပေါ့ဂ်ဘာက UTD Podcast ကို ပြောဆိုသွားခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲပြည့်အောင်တောင် ကစားပေးထားခဲ့ခြင်းမရှိသူဖြစ်ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အချိန်တော်တေ်ာများများကို အနားယူနေခဲ့ရတဲ့ ပေါ့ဂ်ဘာက ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ဘောလုံးကစားချင်နေပြီလို့လည်း ဝန်ခံသွားခဲ့ပါတယ်။