ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Xiaomi ကို တည်ထောင်ခဲ့သူ Lei Jun ဟာ ၂၀၁၈ နှစ်ကုန်ဘောနပ်စ်အဖြစ် ပေါင် ၇၃၅ သန်း (ဒေါ်လာ ၉၆၂ သန်းခန့်) ရရှိခဲ့ပါတယ်။
Xiaomi ရဲ့ ၂၀၁၈ နှစ်ပတ်လည် အစီရင်ခံစာမှာ ကုမ္ပဏီရဲ့ လက်ရှိ Chairman အဖြစ် တာဝန်ထမ်းဆောင်နေသူ Lei Jun ကို ကုမ္ပဏီမှာ နှစ်ကာလများစွာ အပတ်တကုပ်ကြိုးပမ်း အနစ်နာခံမှုကြောင့် အခုလို ဘောနပ်စ်ပေးခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ရှယ်ယာအနေနဲ့ထည့်ပေးလိုက်မယ့် ပေါင် ၇၃၅.၆ သန်းဆိုတဲ့ ပမာဏဟာ ကမ္ဘာပေါ်က ဘောနပ်စ်ရတဲ့ ဘယ်အမှုဆောင်ထက် မဆို ပိုများပြားတဲ့ ဆုကြေးလည်း ဖြစ်ပါတယ်။
Photo: India Today
ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Apple ကို ဦးဆောင်နေတဲ့ CEO တင်မ်ကွတ်ဟာ ၂၀၁၈ မှာ နှစ်ကုန်ဘောနပ်စ်အဖြစ် ဒေါ်လာ ၁၂ သန်းကျော်ပဲ ရခဲ့တာပါ။ စိတ်ဝင်စားစရာကောင်းတာ တစ်ခုက တင်မ်ကွတ်ခ်ရတဲ့ နှစ်ကုန်ဘောနပ်စ်ဟာ သူ့အတွက် ၃ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင် ဘောနပ်စ်လည်း ဖြစ်ပါတယ်။ Apple ဟာ တင်မ်ကွတ်ကို ဘောနပ်စ်အဖြစ် ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၉၃၂၇၀၀၀ နဲ့၂၀၁၆ မှာ ဒေါ်လာ ၈၇၄၇၇၁၉ ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Lei Jun ဟာ ဆုကြေးအဖြစ် ရှယ်ယာ ၆၃၆.၆ သန်း ရခဲ့တာ ဖြစ်ပြီး တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၇.၅၄ ဘီလျံ (ပေါင် ၇၃၅.၆ သန်း ) ရှိပါတယ်။ Xiaomi ဟာ ၂၀၁၈ မှာ အသားတင် အမြတ်ငွေ ယွမ် ၈.၆ ဘီလျံ (ပေါင် သန်း ၉၈၀ ) ရခဲ့တာ ဖြစ်လို့Lei Jun ရတဲ့ ဆုကြေးဟာ ကုမ္ပဏီရဲ့ တစ်နှစ်လုံး အမြတ်ငွေနဲ့သိပ်မကွာဘူးလို့ဆိုရမှာပါ။
Photo: Time
BBC သတင်းမှာတော့ Lei Jun အနေနဲ့သူရတဲ့ ဘောနပ်စ်အတွက် အခွန်ဆောင်ပြီးတာနဲ့ပရဟိတရည်ရွယ်ချက်တွေမှာ သုံးဖို့လှူဒါန်းသွားမယ်လို့ကတိပြုကြောင်း ဖော်ပြထားပါတယ်။ အသက် ၄၈ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Lei Jun ဟာ တရုတ်ပြည်ရဲ့ စတိဗ်ဂျော့စ်အဖြစ် တင်စားခံရသူ ဖြစ်ပြီး အွန်လိုင်းစာအုပ်လက်လီအရောင်းဆိုင် ဖြစ်တဲ့ Joyo.comကိုလည်း တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ Joyo.comကိုတော့ ၂၀၀၄ မှာ Amazon ကို ပေါင် ၆၇ သန်းနဲ့ရောင်းခဲ့ပါတယ်။
IDC ဈေးကွက်သုတေသနအချက်အလက်များအရ ဘေဂျင်းအခြေစိုက် Xiaomi ဟာ ၂၀၁၈ မှာ ကမ္ဘာ့စတုတ္ထအကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ် Samsung ၊ Apple နဲ့Huawie တို့ရဲ့ နောက်မှာ ရပ်တည်နေပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ စမတ်ဖုန်းပေါင်း ၁၂၂.၃၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။