ဂျူဗင်တပ်စ်အသင်းဟာ မိသားစုဆန်တဲ့ အသင်းမျိုးဖြစ်တယ်လို့ တိုက်စစ်မှူး ရော်နယ်ဒိုက ပြောဆိုမှုကို ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ပြန်လည်တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့ ကစားရမယ့် ဥရောပစူပါဖလားပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ရာမို့စ်က ရီးရဲလ်မက်ဒရစ်အသင်းဟာလည်း မိသားစုဆန်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပြီး ရော်နယ်ဒို ထွက်ခွာခဲ့တာဟာ အသင်းအတွက် အနည်းငယ် အခက်အခဲရှိခဲ့ပေမယ့် ရီးရဲလ်ဟာ အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဦးမှာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရာမို့စ်က အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။
"ရီးရဲလ်မှာလည်း အမြဲတမ်းမိသားစုဆန်တဲ့ ခံစားချက်မျိုး ရှိပါတယ်၊ သူ ဘာလို့ အဲဒီလိုပြောခဲ့လဲ ကျွန်တော်မသိဘူး၊ ကျွန်တော်တို့ဟာ မိသားစုတစ်ခုဖြစ်ပါတယ်၊ ရော်နယ်ဒိုကလည်း မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့တာပါ၊ ရော်နယ်ဒိုလို ကစားသမား အသင်းက ထွက်ခွာခဲ့တာဟာ အနည်းငယ်တော့ အခက်အခဲတွေ ရှိနိုင်ပါတယ်"
"ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကို အောင်မြင်မှုတွေ အများကြီးရရှိအောင် ကျွန်တော်တို့တွေ ဆက်လက်ကြိုးစားပေးနိုင်ပါတယ်၊ ရီးရဲလ်မက်ဒရစ်ဆိုတဲ့ အသင်းအထက်မှာ ဘယ်လိုကစားသမားမျိုးမှ ရှိမနေပါဘူး၊ ဘာတွေပဲ ဖြစ်ဖြစ် ရီးရဲလ်ဟာ ဆက်လက်ရှင်သန်နေမှာ ဖြစ်ပြီး ရော်နယ်ဒိုကတော့ ထွက်ခွာဖို့ ရွေးချယ်ခဲ့ပြီးပါပြီ"
ရာမို့စ်က ရာသီသစ်ကို အကောင်းဆုံးစတင်နိုင်ဖို့အတွက်လည်း - "ဆုဖလားအသစ်တစ်ခုနဲ့ ရာသီသစ်ကို စတင်နိုင်ပါတယ်၊ ဥရောပစူပါဖလားပွဲကို အနိုင်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဥရောပစူပါဖလားပွဲကိုတော့ ကြာသာပတေးနေ့ နံနက် (၁း၃၀)နာရီမှာ မက်ဒရစ်မြို့ခံကလပ် (၂)သင်း ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။