သူ့ရဲ့ စိတ်လှုပ်ရှားဖွယ်ရာကစားဟန်ကို ဖာဂူဆန်ကိုယ်တိုင်က သဘောကျခဲ့ပြီး ပွဲအပြီးမှာ စာချုပ်ချုပ်ဆိုဖို့အတွက်ပါ စီစဉ်ခဲ့ကာ ရော်နယ်ဒိုကို အရခေါ်ယူသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်းရီယိုဖာဒီနန်က စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ၂၀၀၃ ခုနှစ်ကပွဲမှာ ဘယ်နောက်ခံလူအဖြစ်ကစားခဲ့တဲ့ အိုရှေးဟာ ရော်နယ်ဒိုကြောင့် အောက်ဆီဂျင်ပေးရမယ့် ပုံစံအထိဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရာသီကြိုခြေစမ်းပွဲအဖြစ် ကစားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ လူငယ်ကစားသမားဘဝအချိန်လည်းဖြစ်ပါတယ်။
ရော်နယ်ဒိုက ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်မျက်စိကျအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်လှုပ်ရှားဖွယ်ရာကစားဟန်ကို ဖာဂူဆန်ကိုယ်တိုင်က သဘောကျခဲ့ပြီး ပွဲအပြီးမှာ စာချုပ်ချုပ်ဆိုဖို့အတွက်ပါ စီစဉ်ခဲ့ကာ ရော်နယ်ဒိုကို အရခေါ်ယူသွားခဲ့ပါတယ်။
ဖာဒီနန်က အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းအပြီးအဝတ်လဲခန်းအနေအထားတွေကို ပြန်လည်ဖွင့်ဟခဲ့ရာမှာတော့ " ၂၀၀၃ မှာ စပို့တင်းနဲ့ ကျွန်တော်တို့ ကစားခဲ့ပါတယ်၊ ပထမပိုင်းအပြီးမှာ အိုရှီးယားက အောက်ဆီဂျင်လိုနေခဲ့တဲ့အတိုင်းပါပဲ၊ ရော်နယ်ဒိုနဲ့ နီးနီးကပ်ကပ်နေဖို့ သူ့ကို ကျွန်တော်တို့ ပြောခဲ့ပေမယ့် သူ့မှာ ဘာမှမဖြေနိုင်ခဲ့ပါဘူး၊ ဒါကဖြစ်သင့်ပါတယ်၊ ကျွန်တော်ရယ်၊ နစ်ကီဘတ်ရယ်၊ ပေါလ်စခိုးရယ် ကွင်းထဲမှာရပ်နေပြီး ဒီချာတိတ်က မလွယ်ပါလားလို့ တွေးခဲ့ကြပါတယ်"
"ပြီးတော့ သူ့ကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ အိမ်ပြန်ဖို့ တစ်နာရီခွဲလောက်နောက်ကျခဲ့ရပါတယ်၊ အဲဒီနောက်မှ သိရတာက ဆာအဲလက်စ်က သူ့ကိုခေါ်ယူဖို့ စာချုပ်ချုပ်မယ့်ကိစ္စကို ချက်ချင်းပဲသွားစီမံနေတာလေ" လို့ ပြောဆိုခဲ့ကြောင်း Give Me Sport က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီးနောက် အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ခြောက်နှစ်တာကစားခဲ့ပြီး ဘလွန်းဒီအောဆုကိုလည်း ပထမဆုံးအကြိမ်ရရှိခဲ့ကာ လိဂ်ဖလား၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ကာ ၉ နှစ်ကြာကစားခဲ့ပြီး လက်ရှိမှာ ဂျူဗင်တပ်စ်အတွက် ကစားနေပြီဖြစ်ပါတယ်။