ဥရောပ ခရီးစဉ်အတွေ့အကြုံကို ပြောပြထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဥရောပချန်ပီယံ ဗိုလ်လုပွဲ ကို ကိုယ်တိုင်ကိုယ်ကျ ဘောလုံးကွင်းမှာ ကြည့်ခွင့်ရခဲ့လို့ အပျော်ကြီးပျော်နေပါတယ်။ သူ့ရဲ့ ဥရောပ ခရီးစဉ် အတွေ့အကြုံတွေကိုလည်း အခုလို ပြောပြထားပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်က သူကိုယ်တိုင် Ambassador အဖြစ် ခံယူထားတဲ့ Shera ဘိလပ်မြေဘုတ်ပြား အဖွဲ့သားတွေရဲ့ ဥရောပ ခရီးစဉ်မှာ အတူလိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကလည်း Sai Sai Mandalay Show ပွဲအပြီးမှာ သွားခဲ့ရတာပါတဲ့။ ဥရောပခရီးစဉ်ရောက်တုန်း ဥရောပချန်ပီယံ ဗိုလ်လုပွဲကိုလည်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခွင့်ရခဲ့လို့ ပြောနေတယ်လို့ ဆိုပါတယ်။

‘’တိုက်တိုက်ဆိုင်ဆိုင်ပဲ ဥရောပချန်ပီယံ ဗိုလ်လုပွဲက မက်ဒရစ် မှာဆိုတော့ ကျွန်တော်လည်း မက်ဒရစ်ကိုဆက်သွားမယ်ဆိုပြီးစီစဉ်ပါတယ်။ တကယ်တမ်းကျတော့ ဗိုလ်လုပွဲလက်မှတ်တွေဟာ သိန်းရာချီဈေးပေါက်နေပြီ ဝယ်လည်းမဝယ်နိုင် ဝယ်လို့လည်းမရပါဘူး။ မနေ့ညက ဒီမှာ လက်မှတ်မရတဲ့ အင်္ဂလိပ်ပရိသတ် ၄ သောင်းအထိရှိတယ်လို့ သတင်းမှာ ကြေညာပါတယ်။ ဒါနဲ့ကျွန်တော်လည်း ယူဖာ (UEFA ) ကို အကူအညီလှမ်းတောင်းကြည့်တဲ့အခါ လက်မှတ်တော့မရှိတော့ဘူး။ ပွဲနားနီးရင်တော့ ရရင်ပေးပါ့မယ်တဲ့။ အဲဒါမန္တလေးပွဲမတိုင်ခင် မိုးတွေအရမ်းရွာတဲ့ညကမှ ဟေ့ကောင်မင်းအတွက် အထူးတန်းလက်မှတ် ၂ စောင်ရပြီ ဟိုတယ်ရော ငါတို့စီစဉ်ပေးမယ်ဆိုပြီး ဖုန်းပြန်ဆက်လာပါရောခင်ဗျ။ ဒီလိုနဲ့ပဲကျွန်တော်လည်း ချန်ပီယံလိဒ်ဖိုင်နယ်ပွဲဆိုတာကြီးကို ကြည့်ဖူးသွားရခြင်းပါပဲ UEFA က ကျွန်တော့်ကို တကယ့်ပွဲမတိုင်ခင်တစ်ရက်မှာ ကျင်းပတဲ့ ဂန္ထဝင်ဘောလုံးသမားတွေရဲ့ အပျော်တမ်းပွဲကိုလည်း ဖိတ်ကြားခဲ့ပါတယ်။’’  လို့ ဇွန်လ ၂ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

ကမ္ဘာအရပ်ရပ်က စောင့်မျှော်ကြည့်ရှုရတဲ့ ဥရောပ ချန်ပီယံဗိုလ်လုပွဲကြီးကို ကိုယ်တိုင်ကွင်းထဲမှာ အားပေးခွင့်ရခဲ့တဲ့ ခံစားချက်ကိုလည်း စိုင်းစိုင်းခမ်းလှိုင်က အခုလို ပြောပြခဲ့ပါသေးတယ်။

‘’ဖိုင်နယ်ပွဲက တကယ်ကိုပဲကြီးကျယ်ခမ်းနားပါတယ်။ ပွဲမတိုင်ခင်ရက်တွေကတည်းက အကြိုဆင်နွှဲနေကြတာ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေနဲ့ပါ စားသောက်ဆိုင်တွေရောင်းမလောက် ဟိုတယ်တွေ အဆောင်တွေပြည့်သိပ်ကြပ်ညပ် နေစရာမရလို့ သူများခြံဝင်းငှားပြီး တဲထိုးအိပ်ကြပါတယ်တဲ့ မြို့အတွက်တော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတာ အစစအရာရာ အမြတ်ထွက်ပါတယ်။ စပိန်လူမျိုးတွေက ဥရောပနိုင်ငံတွေထဲမှာ သဘောကောင်းတယ်လို့ ခံစားမိတယ်။ ( စပိန်မလေးတွေ ချောတာတော့ အထူးညွှန်းဆိုရန်မလို ) မက်ဒရစ်မြို့လယ်က New York မြို့လယ် နဲ့ အရသာတူတယ် ပိုရှေးကျတဲ့ New York အင်းလေ အမေရိကတိုက်ကြီးကိုတောင် သူတို့ရှာတွေ့ခဲ့တာပဲ။

ရာသီဥတုက အခုနွေဦးပေါက်မှာတောင်တော်တော်ပူနေပြီ။ အခုတော့ကျွန်တော် (ဘာစီလိုနာကနေ ဒူဘိုင်း ဒူဘိုင်းကနေ ရန်ကုန်) လေယာဉ်ပြန်စီးဖို့ အမြန်ရထားပေါ်ကိုရောက်နေပါပြီ ၃၈၈မိုင် ( ရန်ကုန်-မန္တလေး အကွာအဝေး နီးပါး ) ကို ၂ နာရီခွဲပဲ ရထားစီးရပါတယ်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ ဇွန်လ ၃ ရက်နေ့ မနက်မှာ မြန်မာနိုင်ငံကို ပြန်လာနေပြီလို့ သိရပါတယ်။ သူကိုယ်တိုင် Ambassador အဖြစ်ခံယူထားတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ အတူ မကြာခဏ ပြည်ပခရီးတွေ ထွက်နေရတာဖြစ်ပါတယ်။ သူသွားခဲ့ဖူးတဲ့ ခရီးစဉ်တိုင်းကလည်း မမေ့နိုင်စရာ အမှတ်တရတွေရှိတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မကြာခဏ ရေးသားလေ့ရှိပါတယ်။

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က