ဥရောပမှာ နောက်ထပ် အပူလှိုင်းတစ်ခုကြောင့် အပူဒဏ်ခံစားနေရပြီး လာမယ့်ရက်များအတွင်း အပူချိန် စံချိန်တင် မြင့်တက်နိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတွေက ပြောပါတယ်။ ယခင်က ဥရောပမှာ စံချိန်တင်ထားခဲ့တဲ့ အမြင့်ဆုံး အပူချိန်ဟာ ၁၉၇၇ ခုနှစ် ဇူလိုင်လအတွင်း အေသင်မြို့ရဲ့ အပူချိန် ၄၈ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပါတယ်။
Photo: EPA
အာဖရိကဘက်မှ လေပူများတိုက်ခတ်လာမှုကြောင့် စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ အပူချိန်များ မြင့်တက်နေကြောင်း သိရပါတယ်။ ဥရောပရဲ့ နေရာဒေသအချို့မှာ အပူချိန်များ ဆက်လက် မြင့်တက်နေနိုင်ပြီး ၄၁ နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
စပိန်မှာ လာမယ့် တနင်္ဂနွေနေ့ (သြဂုတ် ၅ ရက်) အထိ အပူလှိုင်းအန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ စပိန် အနောက်တောင်ပိုင်းဒေသတွေမှာ အပူချိန်အမြင့်ဆုံးနဲ့ အရှည်ကြာဆုံး မြင့်တက်နေနိုင်တယ်လို့ ဆိုပါတယ်။
ဥရောပ မိုးလေဝသဆိုင်ရာ သတိပေးအုပ်စု Meteoalarm က ပေါ်တူဂီနိုင်ငံတောင်ပိုင်း ဒေသအများအပြားနဲ့ စပိန်နိုင်ငံ Badajoz ဒေသတို့မှာ အပူချိန်များ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေအထိ မြင့်တက်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပေါ်တူဂီမှာ ၂၀၀၃ ခုနှစ်အတွင်း အပူချိန် ၄၇.၄ ဒီဂရီဆဲလ်စီးယပ်သို့ စံချိန်တင် မြင့်တက်ခဲ့ဖူးပါတယ်။ စပိန်မှာတော့ ယမန်နှစ် ဇူလိုင်လအတွင်း စံချိန်တင် အပူချိန်မြင့်တက်မှုအဖြစ် ၄၇.၃ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။
လာမယ့် သောကြာနေ့ (သြဂုတ် ၃ ရက်) နဲ့ စနေနေ့ (သြဂုတ် ၄ ရက်) တို့ဟာ အပူဆုံးနေ့ရက်များ ဖြစ်လာနိုင်ဖွယ်ရှိနေပြီး အပူချိန် စံချိန်တင်မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
Photo: Getty Images
စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့မှာ ကြာသပတေးနေ့ (သြဂုတ် ၂ ရက်) အပူချိန်ဟာ ၄၅ မှ ၄၆ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်လာမှာဖြစ်ပြီး သီတင်းပတ်ကုန် ရက်များမှာ ၄၇ ဒီဂရီဆဲလ်စီးယပ်အထိ ဆက်လက် မြင့်တက်နိုင်ပါတယ်။ ထိုအပူချိန်ဟာ စပိန်နဲ့ပေါ်တူဂီမှာ ယခင် အမြင့်ဆုံးအဖြစ် စံချိန်တင်ထားခဲ့မှုတွေကို ကျော်လွန်သွားမှာလည်း ဖြစ်ပါတယ်။
ဥရောပရဲ့ လက်ရှိ အပူချိန်များ မြင့်တက်နေမှုဟာ ၁၉၇၇ ခုနှစ်က စံချိန်တင်ခဲ့တဲ့ အေသင်မြို့ရဲ့ အပူချိန် ၄၈ ဒီဂရီဆဲလ်စီးယပ်နဲ့ တူညီသွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းဖြစ်နေပြီး ထိုအပူချိန်ကို ကျော်လွန်သွားနိုင်ခြေမှာ ၂၅ မှ ၃၀ ရာခိုင်နှုန်း ဖြစ်နေတယ်လို့ သိရပါတယ်။