ချယ်ဆီးအသင်းနည်းပြ မူရီဇီယိုဆာရီဟာ ဥရောပမှာ နည်းစနစ်ကျွမ်းကျင်တဲ့ ကွင်းလယ်ကစားသမားတွေအားလုံး စုစည်းထားတဲ့ အသင်းဟာ မန်ချက်စတာစီးတီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ယနေ့ညမှာ ချယ်ဆီးအသင်းကို အိမ်ကွင်းအီတီဟတ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်ဆီးကို အနိုင်ရရှိမှသာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးအသင်းနဲ့ ရမှတ်ချင်း ပြန်လည်တူညီသွားမှာလည်း ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက မန်ချက်စတာစီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူထားပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးကို ပထမဆုံးအနိုင်ရရှိတဲ့အသင်း ဖြစ်ခဲ့ပါတယ်။
ချယ်ဆီးနည်းပြ ဆာရီက နောက်ထပ်ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပြီး မန်စီးတီးရဲ့ကွင်းလယ်ကို ဥရောပရဲ့အကောင်းဆုံးကွင်းလယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
“မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ခုဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ဖာနန်ဒင်ဟိုပဲမဟုတ်ဘူး။ ဒီဘရိုင်းရော၊ ဘာနာဒိုဆေးလ်ဗားရော၊ ဒေးဗစ်ဆေးလ်ဗားရော နည်းစပိုင်းဆိုင်ရာမှာ သူတို့က ဥရောပမှာ အကောင်းဆုံးကွင်းလယ်ပါပဲ”လို့ မန်စီးတီးနဲ့ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။