၂၀၁၈ အေပက် ထိပ်သီးအစည်းအဝေးအတွက် ငှားရမ်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပါပူအာနယူးဂီနီနိုင်ငံမှာ ယမန်နှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးကာလအတွင်း အစိုးရက ငှားရမ်းထားခဲ့တဲ့ ကားအစီးရေ ၃၀၀ နီးပါး ပျောက်ဆုံးနေတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေရပါတယ်။

(ငှားရမ်းအသုံးပြုခဲ့သည့် ကားများအနက် အချို့ကိုတွေ့ရစဉ်) (Photo: Reuters)

အေပက် (Asia-Pacific Economic Cooperation - APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်လာကြတဲ့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ စီးနင်းနိုင်ရန်အတွက် ဇီမ်ခံကားတွေကို ဆင်းရဲမွဲတေမှုကြောင့် ရုန်းကန်နေရတဲ့ ပါပူအာနယူးဂီနီက ငှားရမ်းအသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ ထိုစဉ်က နိုင်ငံအတွင်း တင်သွင်းလာခဲ့တဲ့ ဇိမ်ခံကားများအနက် ကားအစီးရေ ၂၈၄ စီးဟာ ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ဖေဖေါ်ဝါရီ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။

ငှားရမ်းထားပြီး ပျောက်ဆုံးနေတဲ့ ကားများအနက် Landcruiser, Ford, Mazdas နဲ့ Pajeros အမျိုးအစား ကားတွေပါဝင်ကြောင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲ ဒန်းနစ်ကော်ကိုရန်က ဆိုပါတယ်။ ပါပူအာနယူးဂီနီမြို့တော် Port Moresby မှာ ပျောက်ဆုံးနေတဲ့ ကားတွေကိုရှာဖွေရန်အတွက် ရဲအထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးထားတယ်လို့လည်း BBC သတင်းက ဖော်ပြပါတယ်။

(ငှားရမ်းအသုံးပြုခဲ့သည့် တန်ဖိုးကြီး Maseratis ကားတစ်စီး) (Photo: Air Bridge Cargo)

"အေပက်အစည်းအဝေးကာလမှာ အသုံးပြုဖို့အတွက် ကား ၂၈၄ စီးကို သက်ဆိုင်ရာ အစိုးရအရာရှိတွေထံ ပေးအပ်ခဲ့ပြီး အခုအချိန်ထိ အဲဒီကားတွေ ပြန်မရသေးပါဘူး" လို့ ဒန်းနစ်ကော်ကိုရန်က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ကား ၂၈၄ စီး ပျောက်ဆုံးနေပေမဲ့ ငှားရမ်းခဲ့တဲ့ ကားတွေအနက် တန်ဖိုးအကြီးဆုံးဖြစ်တဲ့ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိတဲ့ Maseratis ကားတွေကိုတော့ တွေ့ရှိထားကြောင်း ရဲအရာရှိက ဖြည့်စွက်ပြောပါတယ်။

"Maseratis ကားအစီး ၄၀ လုံးနဲ့ Bentley ကားသုံးစီးကို ဆိပ်ခံတံတားဟောင်း သိုလှောင်ရုံထဲမှာ ရှာတွေ့ထားပါတယ်" လို့ ၎င်းကဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပျောက်ဆုံးနေတဲ့ ကားများအနက် ၉ စီးဟာ ခိုးယူခံရခြင်းဖြစ်ပြီး ကားအချို့ရဲ့ပစ္စည်းတွေကို ဖြုတ်ယူထားတာတွေ့ရကြောင်းနဲ့ အခြား ကားတွေကတော့ အကြီးအကျယ် ထိခိုက်ပျက်စီးနေတယ်လို့လည်း သိရပါတယ်။

(ငှားရမ်းအသုံးပြုခဲ့သည့် တန်ဖိုးကြီး Maseratis ကားများ) (Photo: Air Bridge Cargo)

လူဦးရေ ၇.၃ သန်းရှိတဲ့ ပါပူအာနယူးဂီနီနိုင်ငံ အစိုးရက ယမန်နှစ် အေပက်အစည်းအဝေးမှတစ်ဆင့် နိုင်ငံတကာစိတ်ဝင်စားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ခဲ့ကြပါတယ်။

သို့သော် အေပက် ထိပ်သီးအစည်းအဝေး လက်ခံကျင်းပနိုင်ရန် နိုင်ငံရဲ့ ငွေအားလူအား အရင်းအနှီးကို အစွမ်းကုန်သုံးခဲ့ရပြီး အခြား နိုင်ငံများထံမှ အကူအညီများလည်း လိုအပ်ခဲ့ပါတယ်။ သြစတြေးလျ၊ အမေရိကန်နဲ့ နယူးဇီလန် နိုင်ငံတို့က အေပက် ထိပ်သီးအစည်းအဝေး လုံခြုံရေးစိတ်ချရစေရန် အထူးတပ်ဖွဲ့တွေကို ပါပူအာနယူးဂီနီသို့ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

(၂၀၁၈ အေပက် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သူများ) (Photo: AFP)

အေပက် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုဟာ ဆင်းရဲမွဲတေနေတဲ့ ပါပူအာနယူးဂီနီအတွက် အဓိပ္ပာယ်ရှိပါရဲ့လားဆိုတဲ့ မေးခွန်းတွေလည်း မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေကြား ထွက်ပေါ်ခဲ့ပါတယ်။

ထိုအစည်းအဝေးကာလအတွင်း ရာနဲ့ချီတဲ့ ဇိမ်ခံကားတွေကို ငှားရမ်းအသုံးပြုခြင်းဟာ အစိုးရရဲ့ ဖြုန်းတီးမှုဖြစ်တယ်လို့လည်း ဝေဖန်သူတွေက ရှုမြင်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် အေပက် ထိပ်သီးအစည်းအဝေးကို ပါပူအာနယူးဂီနီနိုင်ငံ Port Moresby မြို့မှာ နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က