Brexit အကူးအပြောင်းကာလအတွင်း အပြောင်းအလဲအချို့ စတင်သက်ရောက်လာမှာပါ။

ဗြိတိန်နိုင်ငံက ၄၇ နှစ်ကြာ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ဒေသစံတော်ချိန် ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီမှစပြီး တရားဝင် နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။

(Photo: Getty Images)

Brexit လို့ ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ကျင်းပြလုပ်ခဲ့ပြီး ထောက်ခံမဲ ၅၁.၈၉ ရာခိုင်နှုန်းဖြင့် အတည်ပြုနိုင်ခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲအပြီး သုံးနှစ်အကြာမှာတော့ ဥရောပသမဂ္ဂကနေ ဗြိတိန်က တရားဝင် နုတ်ထွက်လိုက်ပါတယ်။ 



၁၉၇၃ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တဲ့ ဗြိတိန်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းမှ ပထမဆုံး နုတ်ထွက်လိုက်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ဥရောပသမဂ္ဂကနေ တရားဝင် နုတ်ထွက်ပြီးနောက် Brexit အကူးအပြောင်းကာလအဖြစ် ၁၁ လ သတ်မှတ်ထားပြီး ထိုကာလအတွင်း ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ မူဝါဒစည်းမျဥ်းတွေကို ဆက်လက် လိုက်နာဆောင်ရွက်မှာဖြစ်ပြီး ဥရောပသမဂ္ဂကို ရန်ပုံငွေပေးနေမှာဖြစ်ပါတယ်။

(Photo: Getty Images)

Brexit အကူးအပြောင်းကာလအတွင်း အများစုဟာ ယခင်အတိုင်း ဆက်ရှိနေမှာဖြစ်ပေမဲ့ အပြောင်းအလဲအချို့ စတင်သက်ရောက်လာမှာပါ။ ဒီအကြောင်းကို ကောက်နုတ်စုစည်းဖော်ပြထားပါတယ်။

၁။ ဥရောပလွှတ်တော်မှ ဗြိတိန်အမတ်များ

ဥရောပလွှတ်တော်မှာ ဗြိတိန်ကိုယ်စားပြု လွှတ်တော်အမတ် ၇၃ နေရာ အလိုအလျောက် လက်လွှတ်ရမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂကနေ နုတ်ထွက်လိုက်ခြင်းက ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးဖွဲ့စည်းပုံနဲ့ လုပ်ငန်းတွေအားလုံးကနေ ပါဝင်ခြင်းမရှိတောပါဘူး။ သို့သော် ဗြိတိန်အနေနဲ့ Brexit အကူးအပြောင်းကာလအတွင်း ဥရောပသမဂ္ဂ မူဝါဒစည်းမျဥ်းတွေကို ဆက်လက် လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အကူးအပြောင်းကာလအတွင်း ဥရောပတရားရုံးက ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ဆက်လက် စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိနေမှာပါ။

၂။ ဥရောပသမဂ္ဂ အစည်းအဝေးများ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ ဥရောပသမဂ္ဂအစည်းအဝေးတွေ တက်ရောက်ရန်မလိုတော့ပါဘူး။ သို့သော် ဗြိတိန်ဝန်ကြီးချုပ်က အနာဂတ်မှာ ကျင်းပပြုလုပ်သွားမယ့် ဥရောပသမဂ္ဂကောင်စီ အစည်းအဝေးတွေကို အခြား ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်လိုပါက အထူးဖိတ်ကြားသွားမှာပါ။ ဗြိတိန်ဝန်ကြီးတွေဟာလည်း ပင်လယ်ပြင်းငါဖမ်းမှု ကန့်သတ်ခြင်းကဲ့သို့ ဆုံးဖြတ်စရာကိစ္စရပ်တွေအတွက် ဥရောပသမဂ္ဂရဲ့ ပုံမှန်အစည်းအဝေးတွေကို တက်ရောက်မှာမဟုတ်တော့ပါဘူး။

(Photo: AP)

၃။ ကုန်သွယ်မှုအကြောင်း

ဥရောပသမဂ္ဂကနေ နုတ်ထွက်ပြီးနောက် ဗြိတိန်နိုင်ငံအနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများဆိုင်ရာ အရောင်းအဝယ်အတွက် စည်းမျဥ်းအသစ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ စတင်လာနိုင်မှာပါ။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်နဲ့ ဩစတြေးလျကဲ့သို့ နိုင်ငံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခွင့်မပြုထားပါဘူး။

Brexit ကို ထောက်ခံသူတွေက ကိုယ်ပိုင် ကုန်သွယ်မှုဆိုင်ရာ မူဝါဒချမှတ်နိုင်တဲ့ လွတ်လပ်ခွင့်က ဗြိတိန်ရဲ့စီးပွားရေးကို မြှင့်တင်နိုင်မယ်လို့ ထောက်ခံပြောကြားထားကြပါတယ်။ ဗြိတိန်အနေနဲ့ ကုန်သွယ်မှုအရေး ဥရောပသမဂ္ဂနဲ့ ဆွေးနွေးမှုများစွာ ရှိလာမှာလည်းဖြစ်ပါတယ်။ ဗြိတိန်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးသဘောတူညီချက်ဟာ ထိပ်တန်းဦးစားပေး ဖြစ်ပါတယ်။

အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက် ရရှိမှာသာ Brexit အကူးအပြောင်းကာလ ပြီးဆုံးပြီးနောက်ပိုင်း ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား ကုန်ပစ္စည်းများအပေါ် အခွန်အခ အပိုထပ်ဆောင်းပေးရမှုနဲ့ အခြား ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေ မလိုအပ်မှာလည်း ဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိပါက Brexit အကူးအပြောင်းကာလ မကုန်ဆုံးမီ စတင်ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ 

(Photo: BBC)

၄။ ဗြိတိန်ပတ်စ်ပို့ အပြောင်းအလဲ

ဗြိတိန်နိုင်ငံရဲ့ ပတ်စ်ပို့ကို လက်ရှိ နီညိုရောင်ဒီဇိုင်းကနေ အပြာရောင်အဖြစ် ပြန်လည်ပြောင်းလဲမှာ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ အပြာင်နဲ့ရွှေရောင်ဒီဇိုင်း ပတ်စ်ပို့ကို ယခုလက်ရှိ နီညိုရောင် (အနီမှိုင်းမှိုင်အရောင်) ဖြင့် အစားထိုးပြောင်းလဲထားခဲ့ပါတယ်။ ယခုနှစ်လယ်ပိုင်းမှာ ဗြိတိန်ပတ်စ်ပို့အားလုံး အပြာရောင်အဖြစ် ပြောင်းလဲပြီးဖြစ်မယ်လို့ ဆိုပါတယ်။ လက်ရှိ နီညိုရောင်ပတ်စ်ပို့တွေကိုတော့ သက်တမ်းကုန်ဆုံးတဲ့အထိ တရားဝင် ဆက်လက် အသုံးပြုနိုင်ပါတယ်။ 

၅။ Brexit အထိမ်းအမှတ် ငွေအကြွေစေ့

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်တဲ့ အထိမ်းအမှတ် ၀.၅ ပေါင်စတာလင် (50p - fifty pence) တန် Brexit ငွေအကြွေစေ့ သုံးသန်းခန့်ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ Brexit အထိမ်းအမှတ် ငွေအကြွေစေ့ပေါ်မှာ "ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝမှုနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဖက်ဖြစ်မှု" လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ရိုက်နှိပ်ထားပါတယ်။

(Photo: PA Media)

၆။ ဗြိတိန်ရဲ့ Brexit ဌာန

Brexit အရေး ဗြတိန်-ဥရောပသမဂ္ဂ ဆွေးနွေးညှိနှိုင်းမှုတွေကို ဆောင်ရွက်ခဲ့တဲ့ဌာနကို ဇန်နဝါရီ ၃၁ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး လုပ်ငန်းဌာနကို ဝန်ကြီးချုပ်ဟောင်း ထရီဆာမေက ၂၀၁၆ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက်ပိုင်း ဆွေးနွေးညှိနှိုင်းမှုတွေကိုတော့ ဗြိတိန်ရဲ့ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့က ဒေါင်းနင်းလမ်းမှာ အခြေစိုက်ပြီး ဆက်လက် လုပ်ဆောင်သွားမှာပါ။

၇။ ဂျာမနီက တရားခံလွှဲပြောင်းမှု

ဂျာမနီကိုထွက်ပြေးသွားတဲ့ ရာဇဝတ်မှုကျူးလွန်သူအချို့ကို ပြန်လည်လွှဲပြောင်းပေးမှာ မဟုတ်တော့ပါဘူး။ ဂျာမနီနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းရဲ့နိုင်ငံသားတွေကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှလွဲပြီး အခြားနိုင်ငံများသို့ တရားခံလွှဲပြောင်းခွင့် မပြုပါဘူး။

ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက် Brexit အကူးအပြောင်းကာလ ချက်ချင်း စတင်ခဲ့ပြီဖြစ်ပြီး ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား အနည်းဆုံး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အပြောင်းအလဲ မဖြစ်သေးမယ့်အရာတွေကိုလည်း ကောက်နုတ်ဖော်ပြထားပါတယ်။

၁။ ခရီးသွားလာမှု

(Photo: Getty Images)

လေယာဥ်၊ သင်္ဘောနဲ့ ရထားသွားလာမှုတွေ ပုံမှန်အတိုင်း ဆက်ရှိနေမှာပါ။ Brexit အကူးအပြောင်းကာလအတွင်း ပတ်စ်ပို့ထိန်းချုပ်မှု စတင်ချိန်မှာလည်း ဗြိတိန်နိုင်ငံသားတွေအနေနဲ့ ဥရောပသမဂ္ဂအတွက်သာ သတ်မှတ်ထားတဲ့ သီးသန့်နေရာတွေမှာ ခွင့်ပြုထားအုံးမှာဖြစ်ပါတယ်။

၂။ ယာဥ်မောင်းလိုင်စင်နဲ့ အိမ်မွေးတိရိစ္ဆာန် ပတ်စ်ပို့များ

သက်တမ်းမကုန်ဆုံးမချင်း တရားဝင် ဆက်လက် အသုံးပြနေနိုင်မှာ ဖြစ်ပါတယ်။

၃။ ဥရောပသမဂ္ဂ ကျန်းမာရေးအာမခံကတ်

နာမကျန်းနဲ့ မတော်တဆဖြစ်ပါက နိုင်ငံပိုင် ဆေးရုံတွေမှာ ကုသနိုင်ရန် ဗြိတိန်နိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ကတ်တွေဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ကျန်းမာရေးအာမခံကတ် (European Health Insurance Card - EHIC) ကို ဥရောပနိုင်ငံတိုင်းနဲ့ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နဲ့ လီချက်စတိန်း နိုင်ငံတို့မှာ Brexit အကူးအပြောင်းကာလအတွင်း ကတ်သက်တမ်းကုန်ဆုံးတဲ့အထိ အသုံးပြုနိုင်ပါတယ်။

(Photo: Alamy)

၄။ ဥရောပသမဂ္ဂမှာ နေထိုင်ခြင်းနဲ့ အလုပ်လုပ်ခြင်း

Brexit အကူးအပြောင်းကာလအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်မှုကို ဆက်လက် လျှောက်ထားနိုင်ပါတယ်။ ထို့ကြောင့် ဗြိတိန်နိုင်ငံသားတွေ အနေနဲ့ ဥရောပသမဂ္ဂမှာ ဆက်လက်နေထိုင်နိုင်ပြီး လက်ရှိအလုပ်ကို ဆက်လုပ်နေနိုင်ပါတယ်။ အလားတူ ဥရောပသမဂ္ဂအဖွဲ့ဝင် အခြားနိုင်ငံများမှ နိုင်ငံသားတွေကလည်း ဗြိတိန်မှာ နေထိုင်ွင့်နဲ့ အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပါတယ်။

၅။ ပင်စင်ခံစားခွင့်များ

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှာ နေထိုင်ကြတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ ပင်စာခံစားခွင့်နဲ့ နှစ်စဥ် တိုးမြှင့်ကြေးကို ရရှိမှာဖြစ်ပါတယ်။

၆။ ဘတ်ဂျက်ထည့်ဝင်မှုများ

Brexit အကူးအပြောင်းကာလအတွင်း ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂကို ဘတ်ဂျက် ဆက်လက်ပေးသွားမှာပါ။ ထို့ကြောင့် ဥရောပသမဂ္ဂ အထောက်အပံ့ဖြင့် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ ရန်ပုံငွေဆက်လက်ရရှိနေအုံးမှာ ဖြစ်ပါတယ်။

၇။ ကုန်သွယ်မှု

ဗြိတိန်-ဥရောပသမဂ္ဂ ကုန်သွယ်မှုမှာ Brexit အကူးအပြောင်းကာလအတွင်း အခွန်အခ အပိုထပ်ဆောင်းပေးစရာ မလိုအပ်ဘဲ ဆက်လက် ဆောင်ရွက်နေနိုင်မှာပါ။ အကူးအပြောင်းကာလနောက်ပိုင်းမှာ ထိုပုံစံအတိုင်း ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်နိုင်ရန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား ကုန်သွယ်ရေးသဘောတူညီမှုတစ်ရပ် ရရှိနိုင်ရေး ထိပ်တန်းဦးစားပေးအဖြစ် ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။

Source: BBC

Share

Loading Next Article...
က္က