လွန်ခဲ့တဲ့ ၄ နှစ်က မြစ်ဖျားခံလာခဲ့တဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာ အခုလို အဆုံးသတ်တာ မယုံနိုင်လောက်အောင်ပါပဲ။
နာမည်ကြီး ကိုရီးယားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ ဇနီးမောင်နှံဟာ လမ်းခွဲပြတ်ဆဲတော့မယ်လို့ ယနေ့ထွက်ပေါ်လာတဲ့သတင်းကြောင့် ကမ္ဘာတဝှမ်းက ပရိသတ်တွေ အတော်လေး ဝမ်းနည်းကြေကွဲနေကြပါတယ်။ သူတို့နှစ်ဦး လက်ထပ်ထားတာ နှစ်နှစ်ခန့်ပဲ ရှိပါသေးတယ်။
ပရိသတ်တွေ အားကျခဲ့ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့တဲ့ သူတို့နှစ်ဦး အနီးကပ်စတင်စုံစည်းခဲ့ချိန်ကစပြီး ယနေ့အထိ ဖြစ်ခဲ့သမျှကို Rappler သတင်းဌာနက စုစည်းထားတဲ့ အချက်အလက်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo - KBS World
၂၀၁၅ ခုနှစ် မေလ ၂၈ ရက်
ဆောင်းဂျွန်ကီက စစ်မှုထမ်းကာလအပြီး နှစ်ရက်အကြာမှာ Descendants of the Sun ဇာတ်လမ်းတွဲ ဇာတ်ညွှန်းဖတ်အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဆောင်းဟေကျိုလည်း အဲဒီအစည်းအဝေးမှာ ရှိနေခဲ့ပါတယ်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်
ဆောင်းဂျွန်ကီ၊ ဆောင်းဟေကျိုနဲ့ Descendants of the Sun အဖွဲ့သားတွေဟာ ရိုက်ကူးရေးအတွက် ဂရိကို လေယာဉ်နဲ့ ထွက်ခွာခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ
တောင်ကိုရီးယားမှာ Descendants of the Sun ဇာတ်လမ်းတွဲကို ပြသခဲ့ပါတယ်။
၂၀၁၆ ခုနှစ် မတ်လ
သူတို့နှစ်ဦး တွဲနေကြပြီဆိုတဲ့ သတင်းတွေ စတင်ထွက်ပေါ်လာပါတယ်။ နယူးယောက်ခ်မှာ သူတို့နှစ်ဦးကို အတူတွေ့ရပေမဲ့ တွဲနေတာမဟုတ်ဘူးလို့ နှစ်ဦးစလုံးက ငြင်းဆန်ခဲ့ပါတယ်။
၅၂ ကြိမ်မြောက် Baeksang Arts Awards တက်ရောက်လာတဲ့ ဆောင်းစုံတွဲ
၂၀၁၆ ဇွန်လ ၃ ရက်
ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ ၅၂ ကြိမ်မြောက် Baeksang Arts Awards ပွဲကို အတူတက်ရောက်လာခဲ့ပါတယ်။ အဲဒီညမှာ သူတို့နှစ်ဦးရဲ့ဇာတ်လမ်းတွဲက Daesang (Grand Prize) ရရှိခဲ့ပြီး သူတို့နှစ်ဦးကလည်း အဲဒီဇာတ်ကားနဲ့ပဲ လူကြိုက်အများဆုံးဆုတွေ အသီးအသီးရရှိခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာလည်း KBS Drama ဆုပေးပွဲမှာ ဆုတွေ ထပ်ရရှိခဲ့ပါသေးတယ်။
၂၀၁၆ ဇွန်လ ၁၇ ရက်
တရုတ်မှာ ပြုလုပ်တဲ့ ဆောင်းဂျွန်ကီရဲ့ Fan Meeting ကို ဆောင်းဟေကျိုက ရုတ်တရက် ရောက်ချလာခဲ့ပါတယ်။ အဲဒီ Fan Meeting ပွဲမှာ ဆောင်းဂျွန်ကီက ဆောင်းဟေကျို အရမ်းလှကြောင်း ပြောခဲ့ပြီး ဆောင်းဟေကျိုကလည်း ဆောင်းဂျွန်ကီကို အရမ်းရိုးသားပြီး အတွေးအခေါ်ရှိတဲ့သူလို့ ဆိုပါတယ်။
နောက်တစ်နေ့မှာ ဆောင်းဟေကျိုက ဆောင်းဂျွန်ကီနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို #songsongcouple လို့ ရေးသားပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
၂၀၁၇ ဇွန်လ
သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့သတင်းတွေ ထပ်ထွက်လာပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သူတို့နှစ်ဦးကို တစ်ယောက်တစ်နေရာစီ တွေ့မြင်ခဲ့ကြတာပါ။ ဆောင်းဟေကျိုက အလုပ်ကိစ္စနဲ့ ဘာလီကိုသွားတာဖြစ်ပြီး ဆောင်းဂျွန်ကီကို သွားတွေ့တာမဟုတ်ကြောင်း ဆောင်းဟေကျိုရဲ့အေဂျင်စီက ရှင်းလင်းပြောကြားခဲ့ပါတယ်။
၂
ဝ၁၇ ဇူလိုင်လ ၅ ရက်
ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ အောက်တိုဘာလမှာ လက်ထပ်တော့မယ့် အကြောင်း သူတို့ရဲ့အေဂျင်စီတွေက ပူးတွဲသတင်းထုတ်ပြန်ခဲ့သလို သူတို့နှစ်ဦးကလည်း အသီးသီး စာရေးသားပြောပြခဲ့ကြပါတယ်။
"ကျွန်မရဲ့အနာဂတ်ကို သူနဲ့အတူ ကုန်ဆုံးရမယ်ဆိုရင် အရမ်းကောင်းမှာပဲ" လို့ ဆောင်းဟေကျိုက ဆိုပါတယ်။
"ကျန်ရှိတဲ့ဘဝသက်တမ်းကို အတူကုန်ဆုံးကြမယ်၊ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပေးရင်း ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း ဖြတ်သန်းကြမယ်လို့ ၂၀၁၆ နှစ်စမှာ ကတိပြုခဲ့ကြတယ်။ အဲဒါကြောင့် ၂၀၁၇ အောက်တိုဘာလရဲ့ နောက်ဆုံးရက်မှာ မစ္စဆောင်းဟေကျိုနဲ့ လက်ထပ်ပြီး ဘဝသစ်ကို စတင်တော့မှာပါ" လို့ ဆောင်းဂျွန်ကီကလည်း ဆိုခဲ့ပါတယ်။
၂၀၁၇ အောက်တိုဘာလ ၃၀ ရက်
သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။
၂၀၁၇ နိုဝင်ဘာလ ၃ ရက်
ဆောင်းဟေကျိုက အင်စတာဂရမ်မှာ ဓာတ်ပုံလေးတစ်ပုံ တင်ရင်း အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဆောင်းဟေကျိုရဲ့ အင်စတာဂရမ်အကောင့်မှာ သူတို့နှစ်ယောက်တွဲပုံက အဲဒီပုံနောက်ဆုံးပါပဲ။
၂၀၁၈
ဆောင်းဟေကျိုက Boyfriend (Encounter) ဇာတ်လမ်းတွဲ၊ ဆောင်းဂျွန်ကီက Arthdal Chronicles ဇာတ်လမ်းတွဲတို့ကို ရိုက်ကူးခဲ့ပါတယ်။ Boyfriend ကို ၂၀၁၈ နိုဝင်ဘာလအတွင်းမှာ ပြသခဲ့ပြီး ဆောင်းဂျွန်ကီက Arthdal Chronicles ကို ၂၀၁၈ ဒီဇင်ဘာလမှာ ရိုက်ကူးခဲ့တာပါ။
"ကျွန်တော်တို့တွေ ချစ်သူတွေအဖြစ်တွဲနေတုန်းပဲလို့ ခံစားရတယ်။ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော့်ဇနီးက အရမ်းလှတယ်" လို့ ၂၀၁၈ သြဂုတ်လက Esquire ရဲ့ အင်တာဗျူးမှာ ဆောင်းဂျွန်ကီက ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ် မေလ ၂၈ ရက်
Arthdal Chronicles ဇာတ်လမ်းတွဲ ပရိုမိုးရှင်းကာလတွေမှာ ဆောင်းဂျွန်ကီက "သူမက ကျွန်တော့်အတွက် အမြဲတမ်း ဦးဆောင်အားပေးသူပါ" လို့ ပြောခဲ့ပါတယ်။
အဲဒီလို သူမပြောခင် လပေါင်းများစွာကတည်းက သူတို့နှစ်ဦး ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟလတွေက ထွက်ပေါ်နေတာပါ။
၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်
ဆောင်းဂျွန်ကီက ဆောင်းဟေကျိုနဲ့ ကွာရှင်းခွင့်တင်ထားတယ်လို့ သူ့ရဲ့အေဂျင်စီက ကြေညာခဲ့ပါတယ်။
"တစ်ယောက်နဲ့တစ်ယောက် ရှုပ်ချအပြစ်ပြောနေမယ့်အစား မေတ္တာမပျက်ဘဲ ကွာရှင်းမှုလုပ်ငန်းစဉ် ပြီးဆုံးသွားဖို့ မျှော်လင့်ပါတယ်" လို့ ရေးသားထားပါတယ်။
အကျင့်စရိုက်ချင်းမတူတဲ့အတွက် ကွာရှင်းရခြင်းဖြစ်ကြောင်း ဆောင်းဟေကျိုရဲ့ အေဂျင်စီက ဆိုပါတယ်။
လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးအဖြစ် အားလုံးက သတ်မှတ်ထားတဲ့ ဆောင်းစုံတွဲရဲ့ဇာတ်လမ်းက ဒီမှာတင်အဆုံးတ်သွားခဲ့ပါပြီ။ သူတို့နှစ်ဦးကို ချစ်ခင်သူတွေ အသည်းကွဲခံစားရသလို သူတို့နှစ်ဦးအတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်မှာသေချာပါတယ်။
Share