ဉာဏ်လင်းအောင်ကတော့ တစ်ဦးတည်းသော သမီးလေးကို ချစ်မဝအောင်ပါပဲ။ သမီးလေးကလည်း ဖေဖေ နဲ့ တူတဲ့ သမီးလေးဖြစ်ပါတယ်။
ဉာဏ်လင်းအောင်ကတော့ အခုဆိုရင် သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ ဖေဖေ တူတဲ့ သမီးလေး ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ မျက်နှာလေးက ဖေဖေ နဲ့ တူတယ်။ အမေ နဲ့ကတော့ တူကို မတူဘူး။ လက်ဆစ်လေးတွေ လက်ချောင်းလေးတွေက အစ အဖေနဲ့ တူတာ။ ဇနီးကလည်း ကျွန်တော်နဲ့ ၈ နှစ်လောက် ကွာတာဆိုတော့ သမီးလေးကို ထိန်းနိုင်ပါ့မလား ဆိုပြီး စိုးရိမ်ခဲ့တာတွေရှိတယ်။ ဒါပေမယ့် အခုဆိုရင် သူပဲ အစစအရာရာ လုပ်ပေးနေတာတွေ့ရတယ်၊ လိမ္မာလည်း လိမ္မာ တယ်’’ လို့ သူကဆိုပါတယ်။
လက်ရှိမှာတော့ ဉာဏ်လင်းအောင်က ဇနီးဖြစ်သူ ချမ်းချမ်းပိုင်နဲ့ အတူ မိသားစု ဘဝလေးကို ထူထောင်ထားပြီဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာပြီဆိုတဲ့အတွက် အလုပ်တွေကိုလည်း ပိုကြိုးစားနေတယ်လို့ ဉာဏ်လင်းအောင်က ပြောပါတယ်။
‘’ ကျွန်တော်လည်း အလုပ်ကြိုးစားနေပါတယ်။ သမီးလေးက အခု ၆ လရှိပြီပေါ့။ သမီးလေး ရှိလာတော့ အလုပ်တွေကို အရင်တုန်းကထက် ပိုလုပ်ချင်လာတယ်။ အခုချိန်မှာလည်း သမီးလေးနဲ့ အတူတူရှိရင် ပျော်နေတယ်။ ကျွန်တော် ပိုပြီးတော့ အလုပ်တွေ လုပ်ဖို့လည်းရှိပါတယ်။ သီချင်းအသစ်တွေလည်း ထပ်လုပ်နေပါသေးတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
ဉာဏ်လင်းအောင်ဟာ လက်ရှိမှာ သမီးလေးကို စောင့်ရှောက်ရမယ့် ဖခင်တာဝန်တွေရှိလာပြီလို့ ဆိုပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်အတွက် တစ်သက်လုံးတာဝန်ယူနိုင်မှသာ ကလေးယူစေချင်တယ်လို့ စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။
‘’ ကလေးတစ်ယောက်ရဲ့ တာဝန်ကလည်း တော်တော်ကြီးပါတယ်။ ပြီးစလွယ်မယူစေချင်ဘူး ကလေးကို တစ်နှစ်၊ နှစ်နှစ်တည်း စောင့်ရှောက်ရတာမဟုတ်ဘူး။ မိန်းကလေးလည်းဖြစ်နေတော့ သူ့ရဲ့ တစ်ဘဝလုံးအထိ စောင့်ရှောက်ရမှာပေါ့။ အဓိက ကတော့ ကလေးယူမယ်ဆိုရင်လည်း သေချာစဉ်းစားပြီးတော့ ယူစေချင်ပါတယ်။ ယူပြီးမှ တာဝန်မယူနိုင်တာတွေ ကွဲတာတွေဆိုရင် ကလေးတွေပဲ ထိခိုက်မှာ’’ လို့ဆိုပါတယ်။
ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။