ညောင်တုန်းကမ်းနားလမ်းတလျှောက်မှာ ပြီးခဲ့တဲ့ လဆန်းလောက်ကတည်းက မြေနေရာအက်ကွဲမှုတွေဖြစ်ပေါ်နေပြီး မနေ့ကညပိုင်းမှာတော့ ဆိုးဆိုးရွားရွား (၉)ပေခန့်လောက် မြေကျွံကျခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ကမ်းနားလမ်းတလျှောက် ဇန်နဝါရီလ(၈)ရက်နေ့ညပိုင်းက (၉)ပေခန့် မြေကျွံကျမှုဖြစ်ပွားခဲ့တာကြောင့် လက်ရှိမှာ စာသင်ကျောင်းတစ်ကျောင်းကို ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်အမတ်ကပြောပါတယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်ကတည်းက ကမ်းနားလမ်းတစ်လျှောက် မြေအက်ကွဲမှုတွေရှိခဲ့ပြီး မနေ့ကညကတော့ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
photo- ကိုမင်း
“ မြေက (၉)ပေ၊ (၁၀) ပေလောက်နိမ့်သွားတယ်။ နောက်ထပ်သာ အခုလိုထပ်ဖြစ်ရင် ကမ်းနားအနီးမှာရှိတဲ့ အိမ်ခြေ (၁၉)အိမ်၊ (၂၀)အိမ် လောက်ကတော့ ပြောင်းရွှေ့ရနိုင်တယ်။ အခု မူလတန်းစာသင်ကျောင်းတစ်ကျောင်းကိုတော့ပြောင်းရွှေ့ထားတယ်။ အန္တရာယ်ရှိနိုင်တဲ့အနေအထားတော့မဟုတ်ဘူး။ စောင့်တော့စောင့်ကြည့်ရမှာပေါ့”လို့ ညောင်တုန်းမဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက Duwun ကိုပြောပါတယ်။
photo- ကိုမင်း
လက်ရှိမှာ ကမ်းမြေပြိုကျမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များက မြေနေရာအနေအထားကို တိုင်းတာကာ တာဝန်ရှိသူတွေကို တင်ပြထားပြီးဖြစ်တယ်လို့သိရပါတယ်။ မြစ်ကမ်းပါးဖြစ်တဲ့အတွက် ကမ်းပါးအနီးမြေများကို ရေတဖြေးဖြေးတိုက်စားလျှက်ရှိပြီး တစ်ကြိမ်မဟုတ် တစ်ကြိမ်ကတော့ အခုလို မြေကျွံကျမှုတွေဖြစ်နေတာပဲလို့ ဦးကျော်ဆန်းကပြောပါတယ်။ အခုမြေပြိုမှုက မနေ့က ဇန်နဝါရီလ (၈)ရက်နေ့ ည(၈)နာရီဝန်းကျင်လောက်ကဖြစ်ပြီး လက်ရှိမှာတော့ တည်ငြိမ်ကာ စိုးရိမ်ရတဲ့အနေအထားတော့မဟုတ်ဘူးလို့သိရပါတယ်။