ချယ်ဆီးကြယ်ပွင့်တောင်ပံကစားသမား ပက်ဒရိုဟာ နည်းပြဖရန့်လမ်းပတ်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာရော၊ အသင်းလူစာရင်းကပါ ချန်လှပ်ခံခဲ့ရတဲ့အတွက် မပျော်မရွှင်ဖြစ်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ယခုရာသီအစပွဲစဉ် ၂ ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ လက်စတာစီးတီးအသင်းတို့နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ပက်ဒရိုဟာ ချယ်ဆီးအသင်းရဲ့ နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲထဲက ၁ ပွဲမှာသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မေဆင်မောင့်နဲ့ ဝီလီယံတို့ကို နည်းပြဖရန့်လမ်းပတ်က ပွဲထွက်ခွင့်ပိုမိုပေးအပ်ဖို့ ရွေးချယ်ခဲ့ပြီး ဟတ်ဒ်ဆန်အိုဒွိုင်း ပြန်လည်ကြံ့ခိုင်လာတာကြောင့်လည်း ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုက ပိုလို့တောင် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ချယ်ဆီးအသင်းရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာ ပက်ဒရိုဟာ အသင်းလူစာရင်းထဲမှာတောင် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ နည်းပြလမ်းပတ်က ဟတ်ဒ်ဆန်အိုဒွိုင်းကို ပွဲထွက်ခွင့်ပေးပြီး ပူလီဆစ်ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။
စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်အရ ပက်ဒရိုဟာ လက်ရှိ ၎င်းရဲ့ခက်ခဲတဲ့အခြေအနေကို ပျော်ရွှင်နေခြင်းမရှိဘဲ အင်္ဂလန်မှာ ဆက်နေဖို့ မကောင်းတော့ဘူးလို့ ခံစားနေရကြောင်း သိရပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ဒရိုရဲ့ပြဿနာဟာ အသင်းမှာ နေရာပျောက်ဆုံးသွားရုံတင်မကဘဲ ၎င်းရဲ့ ဘဝလက်တွဲဖော်ဟောင်းနဲ့ သားသမီး ၃ ဦးတို့အားလုံးကလည်း စပိန်ကို ပြန်သွားခဲ့ပြီး တစ်ယောက်တည်း အထီးကျန်နေတယ်လို့ သိရပါတယ်။