အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ စီမံမှုအောက်ကို ဒီဇင်ဘာ ၂၈ ရက်ကစပြီး တရားဝင်ပြောင်းရွှေ့လိုက်လိုက်ကြောင်း တရားဝင်စာထွက်လာခဲ့ပါတယ်။
Photo- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန facebook
နိုင်ငံတော်သမ္မတရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၇ နဲ့ အညီဆောင်ရွက်တာဖြစ်တယ်လို့ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့အပတ် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးမင်းသူကို မကြာသေးခင်ကပဲ နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့တာပါ။
Photo- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန facebook
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအနေနဲ့ ဝန်ကြီးဌာနတွေ ဖွဲ့စည်းနိုင်သလို ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေကိုလည်း ပြောင်းရွှေ့ခွင့် ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ အတွင်းရေးမှူးတွေအဖြစ် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူထားတာဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျေးလက်အထိပါ ဖြန့်ကျက်ထားနိုင်တဲ့ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။