အသက်(၂၇)နှစ်အရွယ် တရုတ်အမျိုးသမီးဟာ မြန်မာနိုင်ငံကိုအလည်အပတ်သဘောမျိုးနဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့က တစ်ယောက်တည်းရောက်ရှိလာတာဖြစ်ပြီး (၂၆)ရက်နေ့မှာတော့ ကျန်းမာရေးအခြေအနေကြောင့် ညောင်ရွှေဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့ကို လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသူတစ်ဦးမှာ ဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံမှာ ဇန်နဝါရီလ (၂၆)ရက်နေ့ကတည်းက တက်ရောက်ပြီး ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ အဆိုပါ တရုတ်နိုင်ငံသူမှာ အသက်(၂၇)နှစ်အရွယ်ဖြစ်ပြီး (၂၃)ရက်နေ့ကမြန်မာနိုင်ငံကိုစရောက်လာကာ ဒီကနေ့ (၂၈)ရက်နေ့မှာပဲ မန္တလေးကနေ တရုတ်ကိုပြန်ဖို့ စီစဉ်ထားတဲ့ သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်ကာ သာမန်အဖျားရောဂါဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာလုံးဝမရှိဘူးလို့ ဆိုပါတယ်။
“သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယဖြစ်စရာလုံးဝမရှိပါဘူး။ အမတို့က သူကတရုတ်နိုင်ငံသားလည်းဖြစ်တယ်၊ အခုလို ဖျားနာတယ်ဆိုတော့ စိတ်ချရအောင်ဆိုပြီး စောင့်ကြည့် လူနာအဖြစ်ကုသပေးနေတာပါ။ အခုဆို သူ့ ကျန်းမာရေးကတော်တော်ကောင်းနေပြီ။ ဒီနေ့နဲ့ မနက်ဖြန် တစ်ရက်ရက်လောက်မှာ ဆေးရုံကနေဆင်းခွင့်ပေးဖို့ လုပ်ထားတယ်။ ဆေးရုံကဆင်းတာနဲ့ သူလည်းတရုတ်ကိုတန်းပြန်မှာ။ သူကလည်းသူ့ကိုယ်သူအရမ်းစိုးရိမ်နေတာ။ တခြားလူတွေကိုလည်းအားနာတယ်တဲ့၊ အာ့ကြောင့် နေကောင်းသွားရင်တောင် ဘယ်မှလည်ဖို့ မစဉ်းစားဘဲ တန်းပြန်မယ်ဆိုပြီး ပြောတယ်၊ ကျန်းမာရေးအခြေအနေကတော့ အရမ်းကောင်းပါတယ်” လို့ ရှမ်းပြည်နယ် အထူးရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာနှင်းအိဖြူက Duwun ကိုပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို ပြည်ပက အလည်ပတ်လာရောက်တဲ့ သူတွေထဲမှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသဆောင်ရွက်ပေးရတာက အခု တရုတ်နိုင်ငံသူက ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းဒေသမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မြို့နယ်တွေအကုန်လုံးနဲ့ ဆေးရုံကြီးတွေမှာ လူနာတွေရောက်လာခဲ့ရင်ရှိသော် သီးသန့်ထားဖို့ အခန်းတွေနဲ့ လူနာကိုကုသပေးဖို့ အတွက် ကျန်းမာရေးအသင်းအဖွဲ့တွေဖွဲ့ထားတယ်လို့ ဒေါက်တာနှင်းအိဖြူကပြောပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်ပိုးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ သေဆုံးသူက (၁၀၀)ကျော်ရှိနေပြီဖြစ်လို့ မြန်မာနိုင်ငံမှာလည်း ဒီရောဂါနဲ့ ပတ်သက်ပြီး အမြို့မြို့အနယ်နယ်တိုင်းမှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ကြိုတင်ပြင်မှုတွေဆောင်ရွက်ထားလျှက်ရှိပါတယ်။