ဧရာဝတီတိုင်းအတွင်း လာရောက်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးက ခရီးသွားထောက်ခံချက်ယူဆောင်လာဖို့ လိုအပ်ပါတယ်

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေအပါအဝင် ဘာသာရေးပွဲတော်၊ ကာရာအိုကေဆိုင်စတဲ့ လူစုလူဝေး ဖြစ်စေမယ့်အရာတွေကို ဖွင့်လှစ်ခွင့်ပြုဦးမှာမဟုတ်ဘူးလို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံက သိရပါတယ်။

 Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ရန်အတွက် လူစုလူဝေးဖြစ်ပွားနိုင်တဲ့ ဘာသာရေးပွဲတော်၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေဆိုင်၊ စင်တင်ဖျော်ဖြေရေးဆိုင်တွေ ကို ဆက်ပိတ်ထားမှာဖြစ်သလို ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီစတဲ့ ကမ်းခြေတွေကိုလည်း ခရီးသွား ဧည့်သည်ဝင်ရောက်မှု ဆက်ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။



''ကူးစက်ရောဂါ Covid-19 ကို ထိန်းချုပ်ဖို့ လိုအပ်နေသေးတဲ့အတွက် လိုအပ်တာထက် ပိုနေပါတယ်။ လက်ရှိ ပြည်တွင်း ကူးစက်မှုတွေရှိလာတယ်။ ဒါ့ကြောင့် လူစု လူဝေး ဖြစ်စေမယ့် ဆက်ပိတ်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်တွေက Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ အမြဲနေထိုင်ခဲ့သူဖြစ်စေ ယာယီနေထိုင်ခဲ့သူဖြစ်စေ တိုင်းအတွင်း ဝင်ရောက်လာရင် မည်သူမဆို အသွားအလာ ကန့်သတ်သွားမှာဖြစ်ပါတယ်''လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါ တယ်။

လက်ရှိမှာ Covid-19 ရောဂါဟာ ပြည်တွင်းကူးစက်မှု ရှိလာတာကြောင့် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တိုင်းအတွင်း လူစုလူဝေးဖြစ်စေနိုင်မယ့် အရာတွေကို နောက်ထပ် အမိန့်ညွှန့်ကြားချက် တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ဆက်ပိတ်ထားဖို့ ဆောင်ရွက်နေတာဖြစ်ပြီး ရောဂါဖြစ်ပွားရာ နေရာကနေ လာရောက်သူတွေကို Community Based Facility Quarantine ထားကာ ၂၁ ရက် အသွားအလာ ကန့်သတ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်း လာရောက်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးက ခရီးသွားထောက်ခံချက်ယူဆောင်လာဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ Covid-19 ရောဂါအတည်ပြုလူနာအနေဖြင့် သြဂုတ် ၂၅ ရက်နေ့အထိ ၂ ဦး တွေ့ရှိထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က