မလေးရှားက ပြန်လာသူဖြစ်ပြီး ရောဂါလက္ခဏာတစ်စုံတရာပြသခြင်းမရှိကာ Silent Carrier အဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။
ဓာတ်ပုံ - Aung Naing Oo (လူနာကို ကွာရန်တင်းနေရာမှ ဆေးရုံသို့ ပြောင်းရွှေ့စဥ်)
ဧရာဝတီတိုင်းဒေသကြီးရဲ့ တစ်ဦးတည်းသော ပိုးတွေ့လူနာ အမှတ် ၁၉၁ ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန် ပြီး လာမယ့် မေလ ၃၀ရက်နေ့မှာ ဒုတိယအကြိမ် ဆေးထပ်စစ်မယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က Duwun ကိုပြောပါတယ်။
လူနာက မလေးရှားကနေ အစိုးရအစီအစဥ်နဲ့ ပြန်လာသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ ကွာရန်တင်းဝင်နေစဥ် ရောဂါပိုးတွေ့ရှိခဲ့သူပါ။
“လူနာက ကျန်းမာရေးကောင်းပါတယ်၊ ဖျားလည်းမဖျားဘူး၊ ချောင်းလည်းမဆိုးဘူး၊အစကတည်းက လက္ခဏာ ရှိမနေဘဲ Silent Carrier ဖြစ်နေသူပါ။ သူ့ကို မေလ ၃၀ မှာ ဒုတိယအကြိမ်ဆေးထပ်စစ်မယ်။ ပြီးရင် ဇွန်လ ၃ရက်ာနေ့မှာ တတိယအကြိမ်ဆေးစစ်မှာပါ။”လို့ ပုသိမ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ဓာတ်ပုံ - Aung Naing Oo (လူနာကို ကွာရန်တင်းနေရာမှ ဆေးရုံသို့ ပြောင်းရွှေ့စဥ်)
လူနာနဲ့အတူ အနီးကပ်ထိတွေ့ခဲ့သူ ၁၆ ဦးစလုံးကို ရောဂါပိုး စစ်ဆေးခဲ့ရာမှာလည်း အားလုံးရဲ့ အဖြေက Negative ထွက်တယ်လို့သိရပါတယ်။
မေလ ၁၆ ရက်ကနေ မေလ ၂၆ ရက်နေ့အထိ ၁၁ ရက်အတွင်း မလေးရှားက ပြန်လာသူ ၁၁ဦး၊ ယူအေအီးက ပြန်လာသူ ၈ဦး၊အိန္ဒိယက ပြန်လာသူ ၄ဦးနဲ့ အီတလီကပြန်လာသူ ၁ဦး၊ စုစုပေါင်း ပြည်တော်ပြန်၂၄ဦးတို့မှာ ပိုးတွေ့ရှိထားပါတယ်။