တံတားပေါ်က ခုန်ချသေဆုံးခဲ့တဲ့ ကျောင်းသားက တတိယနှစ်ကျောင်းသားဖြစ်ပြီး မိဘတွေသင့်သင့်မြတ်မြတ်နေထိုင်ကြဖို့ကိုလည်း သေတမ်းစာတစ်စောင် ရေးသားခဲ့ပါတယ်။
ဧရာဝတီတံတား (ရတနာပုံ) မန္တလေးဘက်ခြမ်းမှာ ဇန်နဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းက ကျောက်ဆည် စက်မှုလက်မှုသိပ္ပံကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါခုန်ချခဲ့တဲ့ ကျောင်းသားကို တာဝန်ရှိသူတွေအနေနဲ့ ရေပြင်မှာ ရှာဖွေမှုတွေပြုလုပ်ခဲ့ရာ ဒီကနေ့ နေ့လယ်ပိုင်းမှာ အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
photo-SERT အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့
“ မနေ့ကညကတည်းက ရှာဖွေရေးတွေလုပ်ခဲ့တာ။ ဒီကနေ့ နေ့လယ်ပိုင်း (၁၂)နာရီခွဲလောက်မှာအလောင်းကိုတွေ့တယ်။ သူ့မိဘတွေနဲ့လည်းအဆက်အသွယ်ရပါပြီ။ ရှာဖွေရေးလုပ်နေစဉ်အတွင်းမှာလည်း သူ့မိဘတွေရှိနေခဲ့ပါတယ်” လို့ အမရပူရရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
တံတားပေါ်က ခုန်ချသေဆုံးခဲ့တဲ့ ကျောင်းသားဟာ တံတားပေါ်မှာ ကျောပိုးအိတ်တစ်လုံးနဲ့ ဖိနပ်ကိုချွတ်ထားခဲ့ပြီး ခုန်ချခဲ့တာဖြစ်ပါတယ်။ သူ့ထားခဲ့တဲ့ ကျောပိုးအိတ်ထဲမှာ ကျောင်းသားကဒ်နဲ့အတူ သူ့အဖေနဲ့ အမေကို သင့်သင့်မြတ်မြတ်နေဖို့နဲ့၊ မိသားစုအပေါ်မှာတာဝန်မကျေခဲ့ရင် တောင်းပန်ကြောင်း၊ သူမရှိတော့ရင်တောင် သူ့ညီလေးရှိပါသေးတယ်ဆိုတဲ့ သေတမ်းစာတစ်စောင်ရေးပြီး ထားခဲ့တယ်လို့ သိရပါတယ်။
photo-SERT အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့
သေဆုံးခဲ့တဲ့ ကျောင်းသားဟာ ကျောက်ဆည် စက်မှုလက်မှုသိပ္ပံကျောင်းက တတိယနှစ်ကျောင်းသားဖြစ်ပြီး ကျွဲဆည်ကန် (၁၁)လမ်းမှာ နေထိုင်တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါကျောင်းသားသေဆုံးမှုနဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး အမရပူရရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ စခန်းတာဝန်ရှိသူကပြောပါတယ်။